Sunday 22 July 2012

မျိုးချစ်စိတ်ဆိုပြီး မျိုးချစ်စိတ်ပြင်းထန်နေသူများအတွက်

Nay Zaw
ဗိုလ်ချုပ်က သည်လိုဆိုထားပါသည်။ 'ကွန်မြူနစ်တွေက ကမ္ဘာကြီးကို အထက်အောက်ပိုင်း ကြည့်နေကြတယ်။ ပစ္စည်းရှိနဲ့ ပစ္စည်းမဲ့၊ ပညာတတ်နဲ့ ပညာမဲ့ဆိုပြီး ပိုင်းကြည့်နေကြတယ်။ ဂျာမန်တို့ ဂျပန်တို့ကျတော့လည်း ကမ္ဘာကြီးကို ဒေါင်လိုက် စိတ်မြင်နေကြပြန်တယ်။ ဂျပန်၊ တရုတ်၊ မြန်မာ၊ ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ အမေရိကန်အစရှိသဖြင့် မြင်နေကြပြန်တယ်။ သည်လိုအထက်အောက်ပိုင်း ကြည့်ခြင်းတို့၊ စိတ်မွှာကြည့်ခြင်းတို့ဟာ လူတန်းစားစစ်ပွဲ၊ လူမျိုးရေး စစ်ပွဲတွေဆီကို ဦးတည်ပေးလိမ့်မယ်။ လူကိုလူလို့ပဲမြင်ထားမှသာ ငြိမ်းချမ်းမှုကို ဖြစ်ထွန်းပေလိမ့်မယ်' လို့ ရေးထားခြင်းကို ဖတ်ခဲ့ရပေသည်။

သည်ခါမှသာ စာရေးသူသည် ဉာဏ်အလင်းပွင့်သွားတော့သည်။ စာရေးသူ၏ မိတ်ဆွေအပေါင်းအသင်းများကို ပြတ်သားစွာ ထင်မြင်မှု ပေးနိုင်ပေတော့သည်။

စာဖတ်သူများ သိရှိပြီးဖြစ်ပါသည်။ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိစဉ် တစ်နေရာမှာ အင်္ဂလိပ်လူမျိုး အရာရှိကြီးတစ်ဦး (အမည်ကို မေ့နေပါသည်) နှင့် ဗိုလ်ချုပ်တို့ စကားပြောကြစဉ်က ပြောခဲ့သော စကား-

အင်္ဂလိပ်က “ဗိုလ်ချုပ်အောင်ဆန်း ခင်ဗျားက အင်္ဂလိပ်ကို တော်တော်မုန်းတယ်နော်” ဗိုလ်ချုပ်က “ကျွန်ုပ်ကအင်္ဂလိပ်ကို မမုန်းပါဘူး။ ဗမာပြည်ကို လာရောက်ပြီး သွေးစုပ်ခြယ်လှယ်နေတဲ့ လုပ်ရပ်ကိုသာ မုန်းတာပါ။ အကယ်၍ ဗမာလူမျိုး အချို့က အဲသလို သွေးစုပ်ခြယ်လှယ်မှုမျိုးတွေ လုပ်နေတာတွေ့ရင်လည်း အဲဒီ ဗမာတွေကိုလည်း တော်လှန်ရမှာပါပဲ။”

ပြတ်သားလှပါသည်။ ရှင်းလင်းပါသည်။ ခိုင်မာပါသည်။

သည်အချက်များကို ထောက်ရှုကြည့်လျင်ဖြင့် နိုင်ငံရေးလုပ်သူဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ အခြားအသက်မွေးမှုနှင့် လုပ်ကိုင်နေထိုင်သူဖြစ်စေ၊ မျိုးချစ်စိတ်ဓာတ် အဓိကထားရမည်လား၊ လူချစ်စိတ်ဓာတ် အဓိကထားရမည်လား၊ ကွဲပြားလောက်ပြီဟု ယူဆမိပါသည်။

အမျိုးဘာသာကို အလေးထားရမည်။ မှန်ပေသည်။ မိမိလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းကြရမည်။ မှန်ပေသည်။ မြတ်နိုးကြရမည်။ တန်ဖိုးထားကြရပါမည်။

ယနေ့အခါတွင် မျိုးချစ်စိတ်ဟု စကားလုံးသုံးရတော့မည့် ကာလမဟုတ်တော့ချေ။ အမျိုးသားရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဟုသာ အသံကျယ်ကျယ်ပြောရမည့် ကာလဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းရမည့် ကာလဖြစ်သည်။ မျိုးချစ်၊ မျိုးချစ်ဟု လူမျိုးတိုင်းက အော်ဟစ်နေလျှင် တိုင်းပြည် မငြိမ်းချမ်းနိုင်။ ကမ္ဘာကြီးသည်လည်း မငြိမ်းချမ်းနိုင် . . .

သို့ရာတွင် မိမိလူမျိုးကသာ မြတ်သည်။ မိမိဘာသာကသာ မှန်ကန်သည်။ မိမိယဉ်ကျေးမှုကသာ သိမ်မွေ့သည်ဟု တစ်မျိုးတည်း မျိုး၍ တစ်ယူသန်နေလျှင်မူ မျက်ကန်းမျိုးချစ် ဖြစ်ပေတော့မည်။ အမြင်ကျဉ်း နေပေတော့မည်။

လူမျိုးဆိုသည်မှာ အဓိကမကျ။ ဘာသာမှာလည်း ယုံကြည်ရာ ကိုးကွယ်ပေလိမ့်မည်။ သူ့ယဉ်ကျေးမှုနှင့်သူ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် သိမ်မွေ့နေကြပေလိမ့်မည်။ အမြင်ကျယ်ကျယ်နှင့် မြင်ပေးတတ်ဖို့ လိုပါမည်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ ထုံးတမ်းစဉ်လာတွေကို မြတ်နိုးခြင်း၊ ထိန်းသိမ်းခြင်း ပြုလုပ်ရမည် မှန်သော်လည်း အခြားသူတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံတွေကိုလည်း မစော်ကားအပ်ချေ။ အပြန်အလှန် လေးစားကြရပေလိမ့်မည်။

ဗုဒ္ဓက သက္ကာယအယူဖျောက်ရန်၊ အတ္တကို ပယ်၍ အနတ္တကို ရှုမြင်ရန် မြွက်ကြားခဲ့ပေသည်။ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးတိုက်ပွဲများ ဆင်နွှဲရုန်းကန်နေစဉ် ကာလကပင် ဗမာ့တပ်မတော်ကို ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ၎င်းနောက် ဗမာ့ကာကွယ်ရေး တပ်မတော်ဟုသာ အမည်ပေးခဲ့သည်။ မျိုးချစ်တပ်မတော်ဟု အမည်မပေးခဲ့ချေ။

တရုတ်ပြည်မှ မော်စီတုန်းသည်လည်း ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်ဟုသာ အမည်ပေးခဲ့သည်။ မျိုးချစ်တပ်မတော်ဟု အမည်မပေးခဲ့ချေ။

ယနေ့အခါတွင် မျိုးချစ်စိတ်ဟု စကားလုံးသုံးရတော့မည့် ကာလမဟုတ်တော့ချေ။ အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဟုသာ အသံကျယ်ကျယ် ပြောရမည့် ကာလဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းရမည့်ကာလ ဖြစ်သည်။ မျိုးချစ်၊ မျိုးချစ်ဟု လူမျိုးတိုင်းက အော်ဟစ်နေလျှင် တိုင်းပြည် မငြိမ်းချမ်းနိုင်။ ကမ္ဘာကြီးသည်လည်း မငြိမ်းချမ်းနိုင်။

လူအားလုံးကို လူလို့သာ တန်ဖိုးထားကြရမည်။ Globalization ဖြစ်တည်နေသောကာလတွင် လူသားအားလုံးကို တန်ဖိုးထားရုံသာမက အခြားသော သက်ရှိများနှင့် သက်မဲ့သြကာသ လောကကြီးကိုပင် တန်ဖိုးထား ထိန်းသိမ်းကြရပေလိမ့်မည်။ မျိုးချစ်စိတ်ဓာတ်သည် သာမညနေရာတွင် ထား၍ လူချစ်စိတ်ဓာတ်ကို အဓိကအနေဖြင့် မွေးမြူကြရပေလိမ့်မည်။

အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးအမြင်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ကြရမည်ဖြစ်သော်လည်း လူချစ်စိတ်ဓာတ် ကိုဖြင့် နှလုံးသားတွင် ကိန်းအောင်းကြမှသာ ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်ထွန်းပေလိမ့်မည်။

No comments: