Tuesday 24 July 2012

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး...


ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 24 Jul, 2012


တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲခဲ့သော ကာယကံရှင်အား ဒီချုပ် (NLD)က တရားစွဲဆိုခဲ့သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက်ပြီဖြစ်သည်။
အဆိုပါ ဆိုင်းဘုတ်ကို ဇွန်လ ( ၅ )ရက်နေ့နံနက် (၇) နာရီတွင် ကိုသီဟလှိုင်မှ ခဲနှင့်ရိုက်ခွဲလိုက်ခြင်းဖြစ်ကာ NLD က တာမွေရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“သူရဲ့တောင်းပန်မှု၊ ၀န်ချမှုအတွက် ကျွန်တော်တို့လူကြီးများက ပြည်သူတစ်ယောက်ဝန်ချမှုအတွက် ပြည်သူ တွေအပေါ် ဘယ်လိုကူညီရမလ၊ဲ ပြည်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ကျေအေးပေးပါတယ်။ ဒီပြစ်မှုအပေါ်မှာလည်း ကျွန်တော်တို့ လက်ခံ ပါတယ်။” ဟု ဒီချုပ်ပါတီ တာမွေမြို့နယ် ဥက္ကဌ ဦးလှသိန်းက ပြောသည်။


ပြည်သူတစ်ယောက်ကို အကာကွယ်ပေးပြီး ပြည်သူတစ်ယောက် အလုပ်ပျက်မှာကို မလိုလားသည့်အတွက် ကျေအေးပေးလိုက်ကြောင်း ဥက္ကဌ ဦးလှသိန်းက ပြောဆိုခြင်းဖြစ်သည်။
ဆိုင်းဘုတ်အား ခဲနှင့်ပစ်ပေါက်သူ ကိုသီဟလှိုင်အား တာမွေရဲစခန်းမှ အမှတ် ၅၈၁/၁၂ ပုဒ်မ ၄၂၇ (အကျိုးပျက်စီးမှု) နှင့်တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ (၂၆) ရက်နေ့ ရုံးချိန်းတွင် ၄င်းအမှုအား ကျေအေးရန် တရားရုံးတွင် ပြောဆိုမည်ဟု သိရသည်။

“ကျွန်တော်အမူးလွန်ပြီးဖြစ်သွားတာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်တောင်ပစ်ခွဲလိုက်မှန်းမသိပါဘူး။ ရုံးအဖွဲ့ဝင်တွေကို ကျေနပ်အောင်တောင်းပန်ချင်လို့လာခဲ့ပါတယ်။ ဖျက်ဆီးလိုက်တဲ့တန်ဖိုးအတိုင်းလဲ ပြန်ပြီး လျော်ပေးပါမည်။”ဟု ကာယကံရှင် ကိုသီဟလှိုင်က ပြောသည်။

အဖွဲ့ချုပ်အနေနဲ့ ယင်းဆိုင်းဘုတ်သည် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်တင် ပေးထားသဖြင့် မိမိတို့တန်ဖိုးထားသော ပစ္စည်းကို အရိုက်ခွဲခံလိုက်ရသည့်အတွက် စိတ်ထိခိုက်ပါကြောင်း NLD ပါတီဝင် ဦးစံတင်က ပြောသည်။

“ကျွန်တော်အနေနဲ့တော့ ဘာမှပြောစရာမရှိဘူး။ လူကြီးတွေက ကျေအေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဟု တရားခံရှေ့နေ ဦးကျော်မိုးနိုင်က ပြောသည်။
ဆိုင်းဘုတ်တန်ဖိုးသည် ကျပ်ငွေ (၁ သိန်း ၄ သောင်း)ကို ကာယကံရှင်( တရားခံ) အနေနဲ့ လျော်ကြေးပေးရ သည်ဟု သဘောမထားသလို မိမိတို့အနေနှင့် လျော်ကြေးပေးသည်ဟု သဘောမထားပဲ ရန်ပုံငွေကို တစ်ဖက်တစ်လမ်းမှ ကူညီသည်ဟုသဘောထားကာ ရန်ပုံငွေဖြတ်ပိုင်းပြန်လည်ပေးအပ်ခဲ့ကြောင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးလှသိန်း ကပြောသည်။

No comments: