Monday 23 July 2012

ဦးနေမျိုးဝေကို ရဲကစစ်ဆေး

RFA Burmese

ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး မင်္ဂလာဒုံရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုံအဖြစ်ချထားပေးခြင်းမရှိ ၊ လန ၃၉ မကျ ၊ လယ်ယာမြေအသုံးပြုခွင့်မရှိဘဲ နဲ့  အဆောက်အဦးတွေဆောက်တာ ၊ လမ်းတွေဖေါက်တာ ၊ အုတ်မြောင်းတွေဆောက်တာ ၊ မီးတိုင်တွေစိုက် တာတွေ ဟာ ဥပဒေနဲ့ မညီကြောင်း ၊ဒါ့အပြင် လယ်ယာမြေတွေကို
နိုင်ငံတော်က သိမ်းတယ်လို့ တောင်သူလယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့ တယ်လို့  ဆိုပါတယ်။


စက်မှုဇုံ ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃ ထောင်ကျော်မှာ လန ၃၉ ကျသွားပြီဖြစ်ပါတယ်။ စက်မှုဇုံ ၄ ကတော့ လန ၃၉ မကျဘဲ သီးစားပြန်ချထားတာဖြစ်ပါတယ်။

ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧက ကို ဇေကမ္ဘာကုမ္ပဏီလက်ထဲကနေ လယ်သမားတွေလက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ
ပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

အဲဒိလယ်မြေ တွေကို စက်မှုဇုန်တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ဦးနေမျိုးဝေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရွှေနံ့သာကျေးရွာက လယ်မြေတွေသိမ်းယူခံထားရတဲ့ လယ်သမားတွေအပါအ၀င်၊ တောင်သူ ၂၀၀ လောက်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

No comments: