Monday 23 July 2012

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့

RFA Burmese
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ
စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ က ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစ္စလမ်ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ်
သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိက ပစ်မှတ်ဖြစ်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရကတော့ အဲဒီပြောဆိုချက်တွေအပေါ် အခြေအမြစ်မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွတ်စွဲချက်တွေ အဖြစ် လက်မခံပယ်ချခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ဖြစ်နေတာတွေနဲ့ လုံးဝဥဿုံ
ပြောင်းပြန်ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ
အေးချမ်းငြိမ်သက်နေပြီဖြစ်ကြောင်း အေပီသတင်း ကိုပြောဆိုခဲ့ပါတယ်။
 ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ
အေးချမ်းသွားပြီဆိုပေမဲ့ အရေးပေါ် အခြေ အနေ ကြေညာခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင်အများအပြားကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီးချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက်သတ်ဖြတ်တာတွေရှိခဲ့ကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ အဇာဘိုင်ဂျန်နိုင်ငံအခြေစိုက် Trend သတင်းဌာနကတော့ အဲဒီနေရာတွေကို သတင်းထောက်တွေ မသွားရောက်နိုင်တာကြောင့် ဒီသတင်းတွေကို အတည်ပြုဖို့ခက်ခဲကြောင်း၊ တချို့ရိုဟင်ဂျာမွတ်စလင်တွေ
အဖမ်းဆီးခံရတာဟာ အကြမ်းဖက်မှု နဲ့ဆက်နွယ်နေကြောင်း၊ လက်နက်တွေကိုင်ဆောင်ထားတဲ့ ရခိုင် တိုင်းရင်းသားတချို့လည်း ဖမ်းဆီးခံရတယ်လို့ The Arakan Project ကလည်းပြောဆိုခဲ့ကြောင်း
ဖေါ်ပြထားပါတယ်။

No comments: