Sunday 22 July 2012

မြန်မာပြည်၏ ပြည်ထောင်စုစိတ်ဓါတ် မည်သည့် အရပ်သို့ ခရီးနှင်လျှက် ရှိပါသလဲ


ပုံပျက် ခင်စိန်

မြစ်ကြီးနား ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော်မှ ကြီးမှူး၍ဖွင့်လှစ်ထားသော ကချင်စစ်ရှောင် ဒုက္ခသည် စခန်းတွင် ခိုလှုံနေသူ အပြစ်မဲ့ ဦးလထော် ဘရန်ရှောင် အား မြန်မာ့အစိုးရလက်အောက်ခံ အကြမ်းဖက် စရဖ အဖွဲ့မှ မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက် ဖမ်းဆီးခံကာ ကေအိုင်အေ ၀န်ထမ်းဟု လိမ်ညာစွပ်စွဲ နှိပ်စက် ရိုက်နှက်ခဲ့သော အဖြစ်အပျက်မှာ အများအသိဖြစ်ခဲ့ပါသည် ။



၎င်း ဦးဘရန်ရှောင် သည် ယ္ခုအချိန်တွင် လူမဆန်သော ကချင်ပြည် စရဖ အဖွဲ့အစီးမှ စနစ်တကျ နှိပ်စက်ခံရသော ဒဏ်များကြောင့် စိတ်ဓါတ်မမှန်ပဲ ငိုလိုက်ရယ်လိုက် ဖြစ်လျက်ရှိသည်အထိ လူဘ၀တုံးအောင် မြန်မာ့ စရဖများက တိရိစ္ဆာန်ကိုပင် မလုပ်ရက်သည့် နှိပ်စက်ပုံမျိုးဖြင့် နှိပ်စက်ထားသည်မှာ တရားရုံးသို့ ၀င်ရောက်လေ့လာခဲ့သော ပြည်သူများ မျက်မြင်ဖြစ်ပါသည် ။

ကချင်ပြည်နယ် တရားရုံးတော်မှ ဦးဘရန်ရှောင်၏ ကိုယ်ပေါ်မှ ဒဏ်ရာများ ဘယ်လို ရသနည်းဟု မေးမြန်းရာ ဆိုင်ကယ်မှောက်ရာမှ ရခြင်းဖြစ်ကြောင်း စရဖမှ တင်ကြို၍ အတင်းဝန်ခံခိုင်းခဲ့ပါသည် ။ ယင်းနှိပ်စက်မှုများ သည် စရဖ၏ လက်ချက်ဖြစ်ကြောင်း သိပြီးနောက် တရားရုံးတော်မှ ဦးဘရန်ရှောင်အား ဖမ်းဆီးထိန်းသိမ်းထားသော တာဝန်ရှိသူ စရဖမှ ဗိုလ်ကြီးအား "အပြစ်ရှိမှန်းမရှိမှန်း မသိရသေးသော သံသယဖြင့် ဖမ်းဆီးထားသော တရားခံအား ဘာကြောင့် ရိုက်နှက် နှိပ်စက်ရသလဲ"ဟု ရုံးတော်မှ မေးမြန်းခဲ့ရာ "ဒီမေးခွန်းကို ဖြေခွင့်မရှိပါ" ဟုသာ ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည် ။

ဤသို့ ပွင့်လင်းမြင်သာမှု မရှိသော ဂုဏ်သိက္ခာမဲ့ မင်းမဲ့စရိုက် စရဖ အမည်ခံ မြန်မာ့အစိုးရ၏ ပြုမူချက်များသည် မြန်မာပြည်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လူသားတစ်ယောက်၏ ဂုဏ်သိက္ခာအပေါ် ကာကွယ်မှု လုံးဝမရှိသေးကြောင်းကို ပြောင်ပြောင်တင်းတင်း ပြသလိုက်ခြင်းဖြစ်ပါသည် ။

ကေအိုင်အေ ကို အမြင်ကတ်သဖြင့် ကချင်ပြည်သူကို နှိပ်စက်နေခြင်းသည် ကုလားမနိုင် ရခိုင်မဲ သည့် လုပ်ရပ်သက်သက်သာဖြစ်ကြောင်း နှင့် ပြည်ထောင်စု စိတ်ဓါတ်ကို တမင်ပျက်ပြားအောင် အစိုးရမှ အကွက်ကျကျ လုပ်ကိုင်ခြင်းဖြစ်ကြောင်းကို ကချင်အပါအ၀င် ကျန်မြန်မာတိုင်းရင်းသား လူထုက ထင်မြင်လျက်ရှိပေသည် ။

ဤ ညစ်ပတ်သော ဒုစရိုက်အမှုတွင်ပါဝင် ပတ်သက်နေသော မြန်မာ့အစိုးရ စရဖ အဖွဲ့နှင့် ပါဝင်ပတ်သက်မှုကို နိုင်ငံတော် အစိုးရမှ ထုတ်ဖော် အပြစ်ပေး တားဆီးနိုင်ခြင်း မရှိသေးသည်မှာလည်း မြန်မာပြည်၏ ပြည်ထောင်စု စိတ်ဓါတ် ပြည့်ဝသော စစ်မှန်သော ဒီမိုကရေစီ လူ့ဘောင်ဖြစ်ပေါ်ရေးအတွက် ဆူးငြှောင့်ခလုတ်များ ဖြစ်နေကြောင်း ပြည်ပမှ မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအ၀ိုင်းများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်လျက်ရှိကြောင်း သိရပါသည် ။


From - DNA 21 July 2012

More news @ http://www.facebook.com/photo.php?fbid=309698559126304&set=a.124654794297349.23701.100002584866462&type=1&relevant_count=1

No comments: