Thursday 26 July 2012

အုပ်ချုပ်ရေးပိုင်းမှာ အောက်ခြေလူထုရွေးချယ် တင်မြှောက်တဲ့ အမျိုးသမီးတွေ အခွင့်အရေး ဆွေးနွေး

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ
မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးအဆင့်တွေ အတွက် ပြည်သူလူထုက
ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိမရှိဆိုတဲ့
မေးခွန်းကို ဖလုံဆဝေါပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။

လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့အခွင့်အရေး တန်းတူ
ရပိုင်ခွင့်ဟာ အားနည်းနေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ်လို့ ဒေါ်နန်းဆေအွာက RFA ကိုပြောပါတယ်။"သူတို့ သတ်မှတ်ထားတဲ့ အရည်အချင်း အလိုက် ကျေးရွာလူထုတွေက
ရွေးချယ်မယ်ဆိုရင် တင်မြောက်ခွင့် ရှိ-မရှိ အဲဒါလေးကို ကျမက တရားဝင် ဖြေကြားတာကို ကြားချင်လို့ အဲလိုမျိုး မေးလိုက်တာပါ။ ဘာဖြစ်လို့ လဲဆိုတော့ တကယ်တန်းမှာ အမျိုးသမီးထုက အမျိုးသားတွေထက် များနေတယ်လေ။ အမျိုးသမီးတွေက အခွင့်အရေး တန်းတူရတယ် ရတယ်နဲ့ တကယ်တန်းကျတော့ လက်တွေ့မှာ တန်းတူဆိုတာ နဲပါတယ်။ ဒါကြောင့်မို့ ဒီလွှတ်တော်ထဲမှ တရားဝင်မေးလိုက်တာပါ။"

ဒီမေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေဆိုရာမှာ - သတ်မှတ် အရည်အချင်း
နဲ့ ပြည့်မှီတယ်ဆိုရင် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိတယ်လို့
ဖြေဆိုသွားပါတယ်။

လက်ရှိ လွှတ်တော်တွင်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်းဟာ ၁၂ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ သိရပါတယ်။

No comments: