Sunday 22 July 2012

”သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။

 Khon Ja
”သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ယခင်နှစ်က ပခုက္ကူ ရေကြီးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး ယခုမိုးရာသီတွင်ရေလျှံသည်၊ ရေတိုးသည်၊ ရေတိုက်စားသည်၊ ရေလွှမ်းမိုးသည်။ နောက်လည်းဖြစ်အုံးမည်။ ”သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ”သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ 
 အင်မိုင် ခေါ် မေခ - တဖက်တချက်တွင် ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်း ခံလိုက်ရသည်။ ၄င်း၏ အကျိုးဆက်က မြန်မာနိုင်ငံ၏ အသက်သခင် ဧရာဝတီတွင် တိုက်ရိုက်သက်ရောက်သည်။ အင်မိုင်ခနှင့် မလိခပေါင်းမှ ဧရာဝတီကို မွေးဖွားသည်လေ။ မည်သည့်အင်းအိုင်ချောင်းမြောင်းမှ ယခုကဲ့သို့သော စီးပွားရေးလုပ်ငန်းများ၏ဒါဏ်ကို ကြံ့ကြံ့ခံနိုင်မည်မဟုတ်။ ထိုသို့သော စီးပွားရေးသမားများကို တားဆီးရန် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော် အမတ်များ မှတဆင့်၊ ပြည်နယ်အစိုးရမှတဆင့် တင်ပြ အရေးယူရမည် ဟု ဆိုကြသည်။ ခက်သည်က ထိုလုပ်ငန်းပိုင်ရှင် ထိုဖျက်ဆီးသူများနှင့် ပြည်နယ်အစိုးရသော်လည်းကောင်း၊ လွှတ်တော်အမတ်များသည်သော်လည်းကောင်း ထပ်တူကျနေသည်။ လွှတ်တော်အမတ်များအားလုံး ထိုကဲ့သို့ လုပ်နေသည် ဟု မဆိုလိုပါ၊ သို့သော် ထိုသို့လုပ်နေသူအားလုံးသည် လွှတ်တော်အမတ်များနှင့်သော်လည်းကောင်း၊ ပြည်နယ်အစိုးရနှင့် သော်လည်းကောင်း အခြားသော ပြည်သူများက မပေးမနေရ အပ်ထားသည့် အာဏာကို အပိုင်သိမ်းထားသူများနှင့်သော်လည်းကောင်း မလွှတ်ကင်းပါ။ ထိုသူများ၏ဒါဏ်ကို မနှစ်က ပခုက္ကူဒေသ၌ ခံစားခဲ့ကြသည်။ ယခုနှစ်တွင် မြစ်ကြီးနားမြို့မှ စတင်နေပြီ။ နောက်ထပ် မည်သူ့အလှည့်နည်း၊ စောင့်မျှော်ကြပါ။ နှစ်တိုင်း လာပါမည်။ ပြည်သူသည် စစ်ဘေးဒါဏ်ခံရသည်။ ပြည်သူသည် အာဏာရှင်များ၏လက်ချက်ကြောင့် သဘာဝက ပေးအပ်ထားသော အကာအကွယ်အတားအဆီးများ ပျက်စီးဆုံးရှုံးသဖြင့် ဘေးဒါဏ်ခံရသည်။ ထိုနေရာရှိ ဒေသခံများသည် မြစ်ဆုံကျေးရွာများကဲ့သို့ပင် အတင်းမောင်းထုတ်ခြင်းခံရသေးသည်။ ထို့ကြောင့် ….. ”သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ ကန့်ကွက်သူများ ….. ထုခွဲသေကြပါကုန်။

No comments: