Sunday 22 July 2012

ကိုကိုကြီးပြောတာ သူတို့ ရခဲ့တဲ့အခွင့်အရေးတွေဘဲ ဖြစ်မှာပါ


ဒီနေ့  ရန်ကုန်က အာဇာနည်နေ့ နဲ့ ပက်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုကိုကြီးက ရေဒီယိုမီဒီယာတစ်ခုကို “ကျွန်တော်တို့  အနေနဲ့  အာဇာနည်နေ့ မှာ အရင်က ကြားခဲ့ရသလို ပန်းခွေချခွင့်မရ၊ ဓာတ်ပုံရိုက်ခွင့်မရှိ စသဖြင့် ပြောဆိုသံတွေကြားခဲ့ရပေမယ့် ဒီနေ့ တော့
အဲသလို မဟုတ်ဘဲ ပန်းခွေချခွင့်ရခဲ့တယ်၊ ကင်မရာလည်း သုံးခွင့်ရခဲ့ပါတယ်။
အာဇာနည်နေ့ ဟာ ပိုပြီး သက်တောင့်သက်သာနဲ့  လွတ်လွတ်လပ်လပ် ရှိခဲ့တဲ့
အတွက် ကျေနပ်မိပါတယ်” လို့  မှတ်ချက်ပေး ပြောဆိုမှုကို နားထောင်ရတဲ့အခါ
အံ့သြစိတ်ပျက်သွားမိပါတယ်။

ကျွန်တော် အာဇာနည်ကုန်းကို ရောက်တဲ့အခါ တားမြစ်ချက်အမျိုးမျိုးရေးထားတဲ့
ဗီနိုင်းစကြီး နှစ်စကို သံဆူးကြိုးတွေ ကာရံထားတဲ့ရှေ့ မှာ ထောင်ထားတာ
တွေ့ ရလို့  ပါလာတဲ့ ကင်မရာ၊ လက်ကိုင်ဖုံးနဲ့  ပိတ်ဆံအိတ်တို့ ကို အပြင်မှာ
ထားရစ်ခဲ့ပါတယ် (အခုပုံလေးက မထားခင် အပြင်ဘက်မှာ ရိုက်ထားတဲ့ပုံပါ)။
အထဲဝင်တော့လည်း တစ်ကိုယ်လုံးကို ခပ်ကြမ်းကြမ်းကိုင်ပြီး နှစ်ကြိမ်တိတိ
စစ်ဆေးခံရပါတယ်။ ဂါရ၀ပြုဖို့  တန်းစီစောင့်နေတုန်း ကျွန်တော့်ဘေးမှာ
ဖုံးကင်မရာလေး တကိုင်ကိုင်လုပ်ပြီး ဓာတ်ပုံလိုက်ရိုက်နေတဲ့လူတစ်ယောက်ကို
မြင်လိုက်ရလို့  ထူးဆန်းတာနဲ့ ယူခွင့်ရတယ်၊ ဟုတ်လား လို့  စူးစမ်းကြည့်တော့
သူက စပ်ဖြီးဖြီး မျက်နှာနဲ့  “ဖွက် ယူလာတာ” လို့  ပြန်ဖြေပါတယ်။ သူမှ
မဟုတ်ပါဘူး၊ ဖုံးကင်မရာလေးတွေနဲ့ တဖျပ်ဖျပ် မှတ်တမ်းတင်နေကြတဲ့
အခြား သာမန်လူ သုံးလေးယောက်ကိုလည်းတွေ့ ရပါတယ်။ သူတို့  ဘယ်က
ဘယ်လို ရအောင်သယ်လာခဲ့သလဲ မသိပါ။ အချို့ ဘာအဖွဲ့  ညာအဖွဲ့  နာမည်
တွေနဲ့  တူညီဝတ်စုံတွေဝတ်၊ ရင်ဘတ်တံဆိပ်တွေတပ်၊ အာဇာနည် (၉)ဦး
ပုံတွေပါတဲ့ ဗီနိုင်စကြီးတွေထောင်လို့  အုပ်စုလိုက်လာပြီး ဂါရ၀ပြုကြသူတွေ
လည်း ဓာတ်ပုံတွေ ရိုက်ခွင့်ရနေပါတယ်။ ရိုက်ခွင့်မရတဲ့သူများစွာအနေနဲ့ 
သူတို့ ကိုကြည့်ပြီး မုဒိတာ ထားရမလား၊ စိတ်ထဲ စနိုးစနောင့် မကျေမချမ်း
ဖြစ်နေမလားဆိုတာ ကိုယ်ချင်းစာကြည့်သင့်ပါတယ်

တကယ်တော့ ရိုးရိုးသာမန်ပြည်သူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံး
လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို အောင့်မေ့
သတိတရစိတ်နဲ့  တစ်နှစ်မှတစ်ကြိမ် သန့် သန့် ရှင်းရှင်း ဂါရ၀ပြုလိုသူတွေဟာ
သတ်မှတ်ထားတဲ့ စည်မျဉ်းကို နာခံပြီး အလေးပြုရရင် ကျေနပ်တယ် ဆိုတဲ့
စိတ် နှလုံးသွင်းပြီး ဦးလာခိုက်ကြတဲ့ ရဟန်းရှင်လူကျောင်းသားကျောင်းသူ
မိဘပြည်သူတွေလည်း သူတို့ ချစ်မြတ်နိုး တန်ဘိုးထားတဲ့ ဒီနေ့ ဒီရက်
အခမ်းအနားကို၊ အာဇာနည်ကုန်းအဆောက်အဦကြီး နောက်ခံထားပြီး
အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ချင်ကြတဲ့သူတွေချည်းပါဘဲ။ မရှိမဲ့
ရှိမဲ့ထဲက ချွေတာစုဆောင်းပြီး ဈေးသက်သာတဲ့ အာဇာနည်လွမ်းသူ့ ပန်းခြင်း
ပန်းခွေလေးတွေကို လွတ်လွတ်လပ်လပ် ချချင်မှာပါဘဲ။ သူတို့ ရဲ့ ပန်းခွေလေးကို ဗိုလ်ချုပ်တို့ အုတ်ဂူရှေ့ မှာ လွမ်းဆွတ်စွာချလို့  အသင့်ပါလာတဲ့ ကင်မရာလေးနဲ့ 
မှတ်တမ်းတင်ချင်ကြမှာပေါ့။ ဒါပေမယ့်.. သာမန်ပြည်သူတွေ လုံးဝလုပ်ခွင့်
မရခဲ့ကြပါဘူး။ အခမ်းအနားကျင်းပရေးအဖွဲ့ က ဒီအခွင့်အရေးကို လုံးဝပိတ်ပင်
တားမြစ်ခဲ့ပါတယ်။ အာဇာနည်ကုန်းကို ရောက်ခဲ့တဲ့ ရိုးရိုးသာမန်ပြည်သူတွေရဲ့ 
ကျဉ်းထဲကျပ်ထဲက စိတ်မလွတ်လပ်တဲ့အသံကို တညီတညွတ်တည်း ကြားရမှာ
သေချာပါတယ်။

ပန်းခွေချခွင့်ရ အာဇာနည်မိသားစုတွေ၊ အစိုးရအဖွဲ့ အစည်းတွေ၊ မှတ်ပုံတင်
ကိုင်ထားတဲ့အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့  နိုင်ငံရေးပါတီတွေကို ကင်မရာနဲ့ 
ဖုံး ကိုင်ဆိုင်သယ်ယူအသုံးပြုခွင့် ပေးမပေးဆိုတာ ရှင်းရှင်းလင်းလင်း မသိရ
ပေမယ့် အချို့  အာဇာနည်မိသားစုတွေ ပါလာတဲ့ကင်မရာလေးတွေ ကိုယ်စီ
ထုတ်ပြီး မှတ်တမ်းတင်နေတာကို ရုပ်သံအစီအစဉ်မှာ ပြသွားတာ တွေ့ လိုက်
ရပါတယ်။ ပြည်သူအတွက်၊ လူထုအတွက် ကြွေးကြော်ပြီး နိုင်ငံ့အကျိုးကို
ကိုယ်ကျိုးစွန့်  သယ်ပိုးလိုက်မဟဲ့ ဆိုသူတွေအနေနဲ့  သာမန်ပြည်သူလူထု
မရရှိတဲ့၊ လုပ်ခွင့်မရတဲ့၊ တားမြစ်ပိတ်ဆို့ ခံထားရတဲ့ အခွင့်အရေးတွေကို
ရရှိပိုင်ဆိုင်အောင် ကိုယ်စားပြု တောင်းဆိုတိုက်ပွဲဝင် မပေးတဲ့အပြင်
လူထုကြီး မရရှိတဲ့ အခြေခံရပိုင်ခွင့်တွေကို သူတို့ တွေက ချွင်းချက်အနေနဲ့ 
အခွင့်ထူးယူ ရယူခံစား စံစားနေပြီဆိုရင် ဒါဟာ ပြည်သူကို စော်ကားရာ
ရောက်တဲ့အပြင် သူတို့ နိုင်ငံရေးကြွးကြော်သံကိုလည်း သစ္စာမဲ့ရာ ကျပါတယ်။
အဆိုးဆုံးကတော့ “ငါ ရနေမှတော့၊ လွတ်လပ်ပြီပေါ့ တရားပြီပေါ့” လို့ 
အင်မတန် သိက္ခာမဲ့စွာ အရှက်မဲ့မဲ့ ဟောပြောဝါဒဖြန့် နေတာတွေဟာ
ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးအတွက် ကြီးလေးတဲ့ ဆူးညှောင့်
ခလုတ်ကန်သင်းတွေဘဲ ဖြစ်ပါတော့တယ်။

No comments: