Wednesday 25 July 2012

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

2012-07-24

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ
အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က စတင် စုံစမ်းပါတယ်။

အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ စုံစမ်းနေတာ ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။

"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ
ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "

မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

(ဇူလိုင်လဆန်းပိုင်းက မြန်မာစစ်တပ်မှ ဖမ်းဆီးထားသူများကို
ပြန်လွှတ်ပေးရန် ဆန္ဒပြနေကြစဉ်)

No comments: