Thursday 27 September 2012

မြန်မာပို့ကုန်တွေ ပိတ်ဆို့ထားမှုကို အမေရိကန် ဖယ်ရှားပေး




နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား တည်းခိုရာ The Mark ဟိုတယ်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန် လာရောက် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာပို့ကုန်များ အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိစေရန် ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးမည် ဖြစ်ကြောင်း ထည့်သွင်း ပြော
ကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ် ချက်တွေကို ဖြေလျှော့ရေး စတင်ဆောင်ရွက် သွားပါမယ်။ ဒါက လူကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့် မယ်လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမား အစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန် ဆက်ဆံရေး ပြန်လည် ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်မှု ပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

နိုင်ငံတကာ မီဒီယာများက မြန်မာသမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ် တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့်မည်ဟု သုံးသပ်မှု များလည်း ရှိနေပါသည်။

မြန်မာသမ္မတသည် အမေရိကန် ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိက ခရီးစဉ်အရ အမေရိကန် ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာလာရန် စီစဉ်ထားသည်။

''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင် တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီ ဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: News Agencies
New: EMG

No comments: