Monday 20 August 2012

လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြား

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ခုံရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊  ၎င်းအချက် ၅ ချက်မှာ

၁) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှု
၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု
၃) အကျင့်သိက္ခာပျက်ပြားခြင်း
၎) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း
၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း ၊
ယခုကဲ့သို့ အချက် ၅ ချက်နှင့် ခုံရုံးအနေဖြင့် ငြိစွန်းခြင်း ရှိမရှိကို စွပ်စွဲသူများထံ ပြန်မေးရန်လိုကြောင်း၊ ယခုကဲ့သို့ လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုး ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးအားစွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ ခေတ္တစောင့်ဆိုင်း ပေးနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ နိုင်ငံတော်သမ္မတထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ပါဝင်သည့် “နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲ ပါစာအမှတ်၊ ၃/ညမ (၁)၃-၁(၉၂) နပတ(၇၂)အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိ စိတ်ဓာတ်ဖြင့်တာဝန်မှ အနားယူစေ ခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး က ပြောကြားခဲ့သည်။

http://goo.gl/22tnI

No comments: