Thursday 2 August 2012

ပြောပြချင်တဲ့ သတင်းသမားတစ်ယောက်အကြောင်း(၄) ဟာဂျူလီ(ကသာ)


ဒီဆောင်းပါးကို ဖတ်ထဲ့သူများကို ကြိုတင်မေတ္တာရပ်ခံပါရစေ၊ကျွန်တော့်ဆောင်းပါးဖတ်ပြီး ကွန်းမင့်တစ်စုံတစ်ရာရေးမယ်ဆိုရင်
အခြားဘာသာများကိုလုံးဝလုံးဝ ထိခိုက် မရေးသားကြဖို့ပါပဲ၊အဲဒီလို ထိခိုက်ရေးသားဖို့ ဆန္ဒရှိသူများအနေနဲ့လည်း ဒီဆောင်းပါးကို
ဆက်မဖတ်ကြဖို့ တောင်းဆိုချင်ပါတယ်၊ဖြစ်ပုံက ဒီလိုပါ၊
မနေ့က ကျွန်တော်တင်လိုက်တဲ့ ကာတွန်းနဲ့ပါတ်သက်ပြီး အစွန်းေ
ရာက်ရိုဟင်ဂျာတစ်ယောက်က ကျွန်တော့်ကို“လူယုတ်မာ”
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂုဏ်ပြု ကွန်မင့်ပေးတာကို ဖတ်လိုက်ရပါတယ်၊
ကျွန်တော် ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော် ပြောစရာ ရှင်းစရာ
မလိုလို့ မပြောတော့ဘူးလို့ နေခဲ့တာပါ၊ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်ဟာ ဒီလောက်နဲ့ မရပ်ဘဲ မူဆလင်တွေအားလုံးနဲ့ ရန်တိုက်တဲ့
အသုံး အနှုန်းတွေနဲ့ လှူံဆော်လာတာကို စိတ်မကောင်းစရာ ဖတ်ရတဲ့အခါ မူဆလင်(၁၀၀၀)မှာ တစ်ယောက်မျှပင် အထင် မလွဲစေလိုတဲ့
စိတ်ဆန္ဒနဲ့ ဖြေရှင်းပြလိုစိတ် ဖြစ်ခဲ့ပါတယ်၊
အဲဒီ အစွန်းရောက်က ကျွန်တော့်ကာတွန်းမှာပါတဲ့ မူဆလင်ဟာ သေနတ်ကိုင်ထားတာကို မကျေနပ်တာတဲ့၊ဟုတ်ကဲ့၊ရိုဟင်ဂျာလို့
နာမည်ပေးထားတဲ့ ကျွန်တော့်ဇာတ်ကောင်ဟာ လက်နက်ကိုင် ထားတဲ့အတွက် အကြမ်းဖက်ရိုဟင်ဂျာလို့ ဆိုလိုချင်တာပါ၊ရိုဟင်
ဂျာထဲမှာ မူလနေရာမှာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ရိုဟင်ဂျာတွေကို ကျွန်တော် ဘာမှ ပြောစရာမရှိပါဘူး၊ထို့နည်းတူစွာပါပဲ၊စစ်တပ်
(မြန်မာစစ်တပ်တစ်ခုထဲကို ဆိုလိုခြင်း မဟုတ်ပါ)ထဲမှာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကာကွယ်ရေးကို မျှတစွာဆောင်ရွက်နေတဲ့
ကျွန်တော်တို့ မမုန်းကြပါဘူး၊အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး လက်နက်မဲ့သူတွေအပေါ်မှာ လက်နက်အားကိုးနဲ့
တရားဥပဒေမဲ့ပြုကျင့်တဲ့ စစ်တပ် အကြီးအကဲတွေကို ကျွန်တော်တို့ ဆန့်ကျင်နေတာပါ၊ပြည်ပနိုင်ငံသား များနဲ့ ပါတ်သက်ပြီးတော့
လည်း ဒီသဘောတရားအတိုင်းပါပဲ၊သူတို့နိုင်ငံမှာ သူတို့ ဧချမ်းစွာနေထိုင်စားသောက်သူလူမျိုးများကို လူသားချင်းအနေနဲ့ တွေးပြီး
လေးစားကြင်နာမှု အပြည့် ရှိပါတယ်၊သို့သော် နိုင်ငံရေး၊စီးပွားရေးကို ခုတုံး လုပ်ပြီး ကျူးကျော်နယ်ချဲ့(စီးပွားရေး နယ်ချဲ့)တဲ့ ပြည်
ပနိုင်သား အခြားလူမျိုးခြားများကိုတော့ ဆန့်ကျင်ပါတယ်၊ရှုံ့ချပါတယ်၊မုန်းတီးမိပါတယ်၊အဲဒီတော့ ကျွန်တော်ပြောချင်တဲ့ “ရိုဟင်
ဂျာအကြမ်းဖက်သမား”ဆိုတာနဲ့ ပါတ်သက်ရင် ရှင်းလောက်ပါပြီ၊ ဒါမှ မရှင်းသေးရင် မကြာခင်ကာလက ပြည်ပနိုင်ငံကရိုဟင်ဂျာတွေကနေ
သမ္မတကြီး ဦးသိန်းစိန်ကိုဆန္ဒပြတဲ့ ဓါတ်ပုံထဲမှာ ဓါးတ၀င့်ဝင့်လုပ်ပြနေတဲ့ ရိုဟင်ဂျာဓါတ်ပုံကို ပြန်ရှာကြည့်လိုက် ကြပါ၊
နောက်ထပ်ပြောချင်တာက ကျွန်တော်ကို လူယုတ်မာလို့ စော်ကားတိုက်ခိုက်တဲ့ သူရဲ့ အောက်မှ ကွန်မင့်တစ်ခုက ထပ်တက်လာပါတယ်၊
“သု့အဖေက မူဆလင်လေ၊သူ့အဖေသေသွားပြီးတဲ့နောက်မှ ဘာသာမဲ့နေတာ”..တဲ့၊ဒါကိုလည်း ရှင်းပြရပါဦးမယ်၊ဟုတ်ပါတယ်၊ကျွန်တော့်
အဖေဟာ မူဆလင်လူမျိုးတစ်ဦးပါ၊၁၀၀%မူဆလင် မဟုတ်ပေမယ့် ၅၀%က မူဆလင်သွေးပါခဲ့တဲ့သူပါ၊သူဟာ ကျွန်တော်လူလားမမြောက်ခင်
လွန်ခဲ့တဲ့ အနှစ်(၄၀)လောက်ကတည်း ဆုံးပါးသွားခဲ့ပါတယ်၊အခုလို ပြောစရာကြုံလာလို့ ကျွန်တော့်ရေးချင်နေတာ ကြာပြီဖြစ်တဲ့ ကျွန်တော်အဖေ လူထူး
လူဆန်း လူမြတ်ကြီးအကြောင်းရေးသားပြလိုက်ချင်ပါသေးတယ်၊ဒီလိုရေးသားပြမယ့် ကျွန်တော့်အဖေအကြောင်း ဖတ်ရှုကြတဲ့အခါ ဘာသာရေး
အမြင်တွေနဲ့ မကြည့်ကြဘဲ လူသားတစ်ယောက်ရဲ့ ရပ်တည်မှုအနေနဲ့ပဲဖတ်ရှု့ပေးကြပါ၊
ကျွန်တော့အဖေဟာ မွေးဖွားချိန်မှစတင်ပြီး သေဆုံးသွားချိန်အထိ သူတစ်ပါး အသက်ကို လုံးဝ မသတ်ခဲ့တဲ့သူပါ၊မူဆလင်ဘာသာအ
လည်လှီးသားမှ စားသုံးရမယ်ဆိုတဲ့ မူအရ သူရောက်ရှိတဲ့နေရာမှာ လည်လှီးရောင်းချတဲ့သူမရှိခဲ့ရင် သူကိုယ်တိုင် ဘယ်တော့မှ ကိုယ်တိုင်လည်လှီးသတ်ဖြတ်
စားသောက်ခြင်းကို မပြုလုပ်ခဲ့ပါဘူး၊သစ်သီး သစ်ရွက်နဲ့ သက်သတ်လွတ်စားခဲ့တဲ့သူပါ၊ဒီနေရာမှာ ကျွန်တော့်မိခင်ဟာ တရုတ်သွေး ၅၀%နှုန်းခန့်ပါခဲ့သူဖြစ်ပါတယ်၊
လွယ်လွယ်ပြောရရင် ဆန့်ကျင်ဖက် အိမ်ထောင်ကျတယ်လို့ပဲ ပြောရမှာပါ၊ဒါပေမယ့် ကျွန်တော့မိဘ(၂)ပါးစလုံးမှာ ဆန့်ကျင်ဘက်အတွေးအခေါ်မရှိခဲ့ကြတာဟာ
နတ်ဖက်တဲ့ အိမ်ထောင်ရေးလို့တောင် ဆိုရမလားမသိပါဘူး၊သူတို့ (၂)ဦးစလုံးဟာ တစ်ယောက်ဘာသာတစ်ယောက်ကလေးစားရမယ်ဆိုတဲ့ မူကို ယုံကြည်စွာ
လက်ခံခဲ့ကြပါတယ်၊ဒီလို မူကောင်းတဲ့အတွက် မိဘတွေဟာ ရန်ဖြစ်ထိုးကြိတ်ဖို့နေနေသာသာ ခွန်းကြီးခွန်းငယ်တောင်စကားမများခဲ့ဘူးခဲ့ကြပါဖူး၊
အပါတို့ဘာသာရဲ့ နေ့ထူးနေ့မြတ်တွေမှာ အမေဟာ လိုလေးသေးမရှိ ပြုံးပြုံးလေးဧည့်ခံကျွေးမွေးသလို အမေရဲ့မန်မာဘုန်းကြီးရဟန်းတွေအပေ
လှူဒါန်းမှုကိုလည်း ဖခင်ဖြစ်သူဟာ မျက်နှာတစ်ချက်မပျက်ခဲ့ပါဘူး၊အဲဒီခေတ်က မြန်မာဘုန်းကြီးတွေဟာကျွန်တော်အပါကို သိပ်ချစ်ကြပါတယ်၊ဒီနေရာမှာ
မကြုံစဖူး ထူးဆန်းတာတစ်ခုပြောပြချင်ပါတယ်၊ကျွန်တော်ဖခင် ကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ မွတ်ဆလင်ဘာသာအရ ဒိုအာတောင်းတဲ့ပွဲလေး
ကို မွတ်ဆလင်လူကြီးတွေက လုပ်ပေးပါတယ်၊အဲဒီလုပ်ပေးပြီးနောက်ရက်မှာ မြန်မာဘုန်းကြီးတွေက ကျွန်တော့်အပါကို ဗုဒ္ဓဘာသာအရ အိမ်လာပြီး
ကမ္မ၀ါဝိုင်းညှပ်ပေးကြပါတယ်၊အဲဒီလောက်အထိ မေတ္တာရှိခဲ့ကြတာပါ၊နောက်ထပ် မှတ်မိပါသေးတယ်၊ကျွန်တော်တို့ သိတတ်စက အစ်ကိုအစ်မတွေနဲ့
ပေါင်းပြီး မူဆလင်ဆရာမတစ်ယောက်ကို အိမ်ခေါ်ပြီး မူဆလင်စာ သင်စေပါတယ်၊အလစ် ဘေ တေ ဆိုတဲ့စာတွေပါ၊ဒီစာကို ကျွန်တော်တို့ မောင်နှမတွေ မသင်ချင်လို့
ဆရာမလာချိန်ကို ရှောင်တိမ်းနေခဲ့ကြပါတယ်၊နောက်တော့ ဆရာမလည်း စိတ်ပျက်ပြီး လာမသင်ပေးတော့ပါဘူး၊ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ အိမ်ရဲ့ အနီးမှာ
ရှိတဲ့ ဘုန်းကြီးကျောင်းကို ချောင်းပေါက်မတတ်သွားဖြစ်ပါတော့တယ်၊ကျွန်တော့်ဖခင်ကလည်း လုံးဝ မသွားဖို့ မဟန့်တားပါဘူး၊လူတစ်ယောက်ဟာ ဘာသာတစ်ခုခုမှာပဲရှိသင့်တယ်
ဘယ်ဘာသာရယ်လို့ မဟုတ်ဘူးဆိုတဲ့ မွန်မြတ်တဲ့မူကို လက်ကိုင်ထားပေးခဲ့တဲ့ အပါ့ကျေးဇူးကိုလည်း ခုထိ ကျွန်တော်တို့ မမေ့ကြပါဘူး၊ ဒါကြောင့်လည်း မိခင်ကြီးအပါအ၀င် ကျွန်တော်တို့
တတွေဟာ အပါဆုံးပြီး အနှစ်(၄၀)ကြာတဲ့ အခုအချိန်အထိ ဖခင် မနစ်မြို့တဲ့ အသားကို ရှောင်ခဲ့ကြပါတယ်၊ဖခငရဲ့ကျေးဇူးကို အလေးအမြတ်ပြုတဲ့သဘောပါ၊နောက်ထပ်ထူးခြားတာပြောရရင်
ကျွန်တော်အဖေဟာဗန်းမော်မြို့က နာမည်ကြီး ရွှေကျီးနားဘုရားမှာ ဂေါပကလည်း ဖြစ်ပါတယ်၊အဲဒါအပြင် ကသာက ဗလီမှာလည်း ဥက္ကဌပါပဲ၊အဲဒီလို ကိုယ်ဘာသာတင် မက အခြားဘာသာ
ဝင်တွေကိုပါ လေးစားလို့ ကျွန်တော့်ဖခင်ကို ဘာသာမချစ်ဘူးလို့ မထင်ကြပါနဲ့အသက်စွန့်ပြီးချစ်ခဲ့တဲ့သူပါ၊တစ်ခါက မွတ်ဆလင်ပိုင်ခဲ့တဲ့ မြေတစ်ကွက်ကို အာဏာပိုင်တွေက
သိမ်းဖို့ ကြိုးစားပါတယ်၊ကျွန်တော်ရဲ့ ဖခင်က မွတ်ဆလင်မြေ မွတ်ဆလင်မြေဖြစ်လို့ အသိမ်းမခံပါဘူး၊နောက်တော့ အာဏာပိုင်တွေက ဇွတ်အတင်း ဘူဒိုဇာနဲ့ထိုးဖို့ကြိုးစားပါတယ်၊တားဆီးသူတွေကို
ပစ်ခတ်ဖို့လည်း စစ်တပ်နဲ့ ၀ိုင်းထားပါတယ်၊ကျွန်တော်ဖခင် ဦးဆောင်တဲ့သူတို့ဘာသာဝင်တွေက မဖယ်ပေးကြပါဘူး၊နောက်ဆုံး စစ်တပ်က ဗိုလ်မှူးတစ်ယောက်က “ဦးရီစွတ် ၊ကျွန်တော်
ရဲဘော်တွေက ဇွတ် လုပ်မယ်ဆိုရင် ခင်ဗျားလူတွေက ဘာလုပ်မှာလဲ”လို့မေးပါတယ်၊အဲဒီမှာ ကျွန်တော်ဖခင်ပြန်ဖြေတဲ့စကားက“ကျုပ်လူတွေကို မပြောပါနဲ့၊ကျုပ်ကိုယ်တိုင်တောင် ခင်ဗျားကို
တစ်ခုခုလုပ်ဖြစ်မှာတော့ သေခြာပါတယ်”တဲ့၊နောက်တော့ အထက်ကို စာပြန်တင်ဦးမယ် ဘာညာနဲ့ နောက်ဆုတ်သွားကြပါတယ်၊မကြာခင်မှာ ကျွန်တော့်ဖခင် ဆုံးသွားပြီး အဲဒီမြေကို ဘူဒိုဇာတွေ
နဲ့ ထိုးကော်ပြီး“ အားကစားကွင်း”လုပ်လိုက်တာ ဘယ်သူမှ မတားလိုက်နိုင်ကြပါဘူး၊နောက်ထပ်ပြောရရင် ကျွန်တော့ဖခင်ရဲ့ နိုင်ငံရေးစိတ်ဓါတ်ပါ၊နိုင်ငံရေးခေတ်မှာ ကျွန်တော်ဖခင်ကို ထောင်တို့
စစ်တပ်တို့မှာ မကြာခဏ ဖမ်းဆီးထိန်းသိမ်းစစ်မေးခြင်း ခံရလေ့ရှိပါတယ်၊အဲဒီတုန်းက တပ်ရင်းမှူးက ကောင်စီခေတ်မှာ ၀န်ကြီးလုပ်သွားခဲ့တဲ့ ဗိုလ်မှူးမြမောင်ပါ၊ကျွန်တော်အပါ့ရဲ့ နိုင်ငံရေး
ရပ်တည်ချက်ကို သဘောကျလွန်းလို့ ဗိုလ်မှူးမြမောင် ဟာ တာဝန်အရ ခေါ်ယူစစ်ဆေးရပေမယ့် ကျွန်တော့်အပါ့ကို သိပ်ပြီးလေးစားခင်မင်ခဲ့ပါတယ်၊ဒီနေရာမှာ ကျွန်တော်ကိုယ်တိုင်ကြုံဖူးခဲ့တဲ့
ကောင်စီအစပိုင်းကာလရဲ့ ၀န်ကြီးတစ်ယောက်ရဲ့ နေထိုင်ပုံပြောပြချင်ပါသေးတယ်၊ ကျွန်တော့်ဖခင် သေဆုံးပြီးခါစက ကျွန်တော်အမေက သူမနက်ဈေးသွားဝယ်ရင် ကျွန်တော့်ကို ဈေးဆိုင်စောင့်
ခိုင်းလေ့ရှိပါတယ်၊တစ်မနက်(၉)နာရီလောက်မှာ မဲမဲလုံးလုံးပုဆိုးကွက်ကြဲနဲ့ လူတစ်ယောက် ကျွန်တော်ဈေးရောင်နေတဲ့ ဆိုင်ကို ရောက်လာပါတယ်၊ပြီးတော့ ကြည်ကြည်ရွှင်ရွှင်နဲ့ “ဖိုးသားရေ၊
မင့်မေမေ ဘယ်သွားလဲတဲ့” ကျွန်တော်ကလည်း ဈေးဝယ်တွေရှုပ်နေတာနဲ့ “မရှိဘူး၊ဟင်းသွားဝယ်တယ်”လို့ တိုတိုတုတ်တုတ်ပဲပြန်ပြောလိုက်မိပါတယ်၊အဲဒါအပြင် အဲဒီလတွေမှာ အပါ့မိတ်ဆွေ
တွေ လာလာမေးလေ့ရှိသလို “အေးကွာ၊မင့်အမေလာရင် ပြောပြလိုက်ပါ၊ကိုရီစွတ် ဆုံးသွားတာကြားရလို့ ဘဘက စိတ်မကောင်းဖြစ်ရပါတယ်”လို့၊သူစကား မဆုံးခင်မှာဘဲကျွန်တော်က
မာမ်ာပဲ ”ဟုတ်ကဲ့၊ဒါပဲ မဟုတ်လား၊ကျွန်တော်မအားဘူး၊ဈေးရောင်းရဦးမယ်”လို့ ပြောဖြစ်လိုက်ပါတယ်၊အဲဒီမှာ အဲဒီမဲမဲလုံးလုံးကြီးလည်း ဆိုင်နားကနေထွက်သွားပါတယ်၊သူထွက်သွားပြီးတာနဲ့
ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ဈေးလူကြီးက ကျွန်တော့ဆီရောက်လာပြီး “အဲဒါ ယဉ်ကျေးမှုဝန်ကြီးဦးမြမောင်ကွ၊မင်းစကားပြောတာ ဘယ်လိုပြောလိုက်တာလဲ”လို လာဟောက်ပါတော့တယ်၊
ကျွန်တော်ကလည်း ကလေးပီပီ“ ၀န်ကြီးတွေဘာတွေဘယ်သိမလဲဗျ၊ကျွန်တော်က ဈေးရောင်းဖို့ပဲ၊၀န်ကြီး ဧည့်ခံဖို့မှ မဟုတ်တာ”လို့ ပြန်ပြောဖြစ်ပါတယ်၊ပြောချင်တာက နိုင်ငံရေးခေတ်
ဝန်ကြီးတစ်ယောက်ဟာ ဘာအရှိန်အ၀ါမှ ဘာနောက်လိုက်မှ မပါဘဲ လူတန်းစားစုံတဲ့ ဈေးထဲကို ၀င်လာခဲ့ပုံလေးပါ၊နောက်တော့ ကျွန်တော့အမေက ဒီအကြောင်းတွေသိပြီး အားနာပါးနာနဲ့
ကျွန်တော်အစ်ကိုတွေကို ဈေးရုံးမှာ ၀န်ကြီးနဲ့ သွားတွေ့ပြီး နှုတ်ဆက်ခိုင်းလိုက်ပါတယ်၊ကျွန်တော်အစ်ကိုတွေပြန်လာတော့ ကျွန်တော့်ကို ဈေးလူကြီးက စကားပြောအင်မတန်ရိုင်းတဲ့ကလေး
ဆိုတဲ့ အသုံးအနှုန်းနဲ့ တိုင်လိုက်တဲ့အကြောင်း အမေ့ကို အစ်ကိုတွေက ပြန်တိုင်ပြောပါတယ်၊
နောက်ထပ် ကျွန်တော့်ဖခင်မှာရှိတဲ့ ရာထူးမမက်ပုံလေးပြောပြချင်ပါသေးတယ်၊ပြည်သူ့ကောင်စီ ပထမသက်တမ်းမှာ ပါတီယူနစ်ကနေ ကျွန်တော့အပါကို မြို့နယ်ကောင်စီဥက္ကဌလုပ်ဖို
အစည်းအဝေးခေါ်ယူဆွေးနွေးပါတယ်၊ကျွန်တော့ဖခင်က ကျွန်တော်စဉ်းစားပါရစေဆိုပြီး မြို့နယ်ကောင်စီဥက္ကဌတစ်ယောက်အတွက် ရေးဆွဲထားတဲ့ ဥပဒေစာအုပ်ကို ကျေညက်အောင်ဖတ်ပါတယ်၊
နောက်(၇)ရက်ကြာတော့ အစည်းအဝေးပြန်လုပ်ပါတယ်၊အဲဒီအစည်းအဝေးမှာ ကျွန်တော်ဖခင်က သူဟာ ကောင်စီဥက္ကဌတစ်ယောက်ဖြစ်ထိုက်တဲ့သူ မဟုတ်လို့ လက်မခံနိုင်ပါဘူးလို့ ငြင်းလိုက်
ပါတယ်၊ပါတီလူကြီးတွေ အံ့သြကုန်ကြပါတယ်၊အရပ်သားတွေထဲမှာ မြို့နယ် ကောင်စီဥက္ကဌရာထူးလိုချင်လို့ ငန်းငန်းတက်နေတဲ့အချိန်မှာ ကျွန်တော့်ဖခင်က အဲဒီရာထူးကို ငြင်းတယ်ဆိုတော့
သူတို့တတွေ မယုံနိုင်အောင်ဖြစ်သွားကြပါတယ်၊ပြီးတော့ ဘာကြောင့်များလဲလို့မေးတော့ ကျွန်တော်အပါက ကျွန်တော်ဟာ မြန်မာတိုင်းရင်းသား မဟုတ်လို့ပါပဲလို့ ပြန်ဖြေပါတယ်၊အဲဒီအစည်း
အဝေးပြီးတဲ့နေ့မှာပဲ ပါတီက ဗိုလ်ကြီးအောင်သန်း(အခုသက်ရှိထင်ရှားများရှိဦးမလားတော့ မသိပါဘူး)ကျွန်တော်တို့အိမ်ရောက်ပြီး အပါ့ကို အပြစ်တင်ပါတော့တယ်၊“ကိုရီစွတ် ခင်ဗျား အတော်ရှော်တဲ့
တဲ့သူဗျာ၊ခင်ဗျားကို ဘယ်သူက ရိုက်စစ်လို့ ဒီအချက်ကို ထည့်ပြောရတာလဲတဲ့၊အဲဒီမှာ ကျွန်တော်အဖေပြန်ပြောလိုက်တဲ့ စကားက“ဒီမယ်ဗိုလ်ကြီးရဲ့၊ခင်ဗျားတို့က ကျွန်တော့်ကိုလိုချင်တဲ့အချိန်မှာ
ဒီပြစ်ချက်ကို မသိချင်ယောင်ဆောင်နေကြမှာပဲ၊အဲ မလိုချင်တော့တဲ့အချိန်မှာ ဒီအားနည်းချက်ကို ယူပြီး ကျွန်တော့်ကို ထောင်းကြမှာခင်ဗျ”တဲ့၊အဲဒီဗိုလ်ကြီးအောင်သန်း မျက်နှာပျက်ပျက်နဲ့ ပြန်သွားပါတော့တယ်၊
ကျွန်တော်ကလည်း ရေးလိုက်ရင် တနွယ်ငင် တစင်ပါဆိုသလို ဖြစ်ဖြစ်သွားတတ်တော့ ပြောချင်တာလေး အစပြန်ကောက်ရရင် ကျွန်တော်ဖခင်ဟာ ဘာသာရေးကို ဆွဲယူတတ်သူ မဟုတ်ဘူး၊ကျွန်တော်တို့ ယုံကြည်ရာကို
လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးခဲ့တဲ့အတွက်ကျွန်တော်အပါအ၀င်မိသားတစ်စုလုံးဟာဘာသာမဲ့တွေ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပါတယ်၊ကျွန်တော်ကိုယ်တိုင်လည်း
သင်္ကန်းဝတ်တာလည်း (၇)ကြိမ်ရှိခဲ့ပါပြီ၊အဲဒီလို ဗုဒ္ဓဘာသာဖြစ်သွားလို့ မွတ်ဆလင်တွေကို မုန်းတီးစော်ကားစိတ်လုံးဝ မရှိခဲ့ပါဘူး၊ခုထက်ထိလည်း မူဆလင်များကို လေးစားခင်မင်စိတ်နဲ့ ပေါင်းသင်း
နေထိုင်ပါတယ်၊ရခိုင်ကိစ္စတွေဖြစ်တော့လည်း ပြည်တွင်းက မြန်မာနိုင်ငံဖွား မူဆလင်များကို အထင်မမှားကြစေရေး ကျွန်တော်တတ်တဲ့ အနုပညာနဲ့ ပညာပေးတွေ အများကြီးရေးခဲ့တာကို ဖေ့ဘွတ်မိတ်ဆွေတွေ
သတိထားမိကြပါလိမ့်မယ်၊ဒီနေရာမှာ ကျွန်တော့ရဲ့ ဖေ့ဘွတ်မိတ်ဆွေတွေကို သတိပေးချင်တာလေးရှိပါတယ်၊အဲဒါကတော့ အွန်လိုင်းပေါ်ကနေ ကျွန်တော်တို့ချင်း မုန်းတီးမှုတွေဖြစ်ပေါ်စေရေးအတွက်
လှုံ့ဆော်မှုတွေ ရှိနေတယ်ဆိုတာကိုပဲဖြစ်ပါတယ်၊အဓိက ကတော့ ပြည်ပကလူမျိုးခြားတွေရဲ့ သွေးထိုးနေကြမှုပါ၊အဲဒါတွေကို ကိုယ့်အသိဥာဏ်နဲ့ ယှဉ်ပြီး ရှောင်ရှားနိုင်ကြဖို့ လိုပါတယ်၊
ကျွန်တော်နဲ့ပါတ်သက်ပြီး ဥပမာလေးတစ်ခုပြောချင်ပါတယ်၊ကျွန်တော်ငယ်ငယ်က အိမ်နီးချင်း မောင်ဖြူနဲ့ ပေါင်းပါတယ်၊အရွယ်လေးရောက်လာတော့ အိမ်နီးချင်း မောင်ဖြူနဲ့ မပေါင်းဖြစ်
တော့ဘဲ အခြားလမ်းက မောင်နီနဲ့ပဲ စိတ်တူကိုယ်တူ ပေါင်းပါတယ်၊ဒါပေမယ့် ငယ်ပေါင်းဖြစ်တဲ့ မောင်ဖြူကို ဘယ်တော့မှ ရန်သူလို မဆက်ဆံပါဘူး..ဆိုတာလေးပါ၊(နောက်ရက်မှာ ကျွန်တော်မိခင်ရဲ့
ဘာသာရေးနဲ့ ပါတ်သက်ပြီး အလှူအတန်းရက်ရောပုံ၊အစိုးက ပေးမယ့် ဘာညာဘွဲ့တွေ မမက်မောပုံ၊ဘာသာတိုင်းကို လေးစား လှူဒါန်းပုံ ရေးပြပါဦးမယ်)
ဟာဂျူလီ(ကသာ)

  • 3 shares
    • Waing Wyut Yee သြော် .... ဒါကြောင့်ဖြစ်မယ် .... ဟိုးအရင်က ဟာဂျူလီကသာဆိုတဲ့နာမည်နဲ့ အစ္စလာမ့်မဂ္ဂဇင်းတချို့မှာ တွေ့ဖူးမိတာထင်တယ် ..... (သေချာမမှတ်မိလို့ပါ)
    • လျှံ မုန်း အိမ် လေးစားပါတယ် ဟာဂျူလီကသာ ... ရေ ...... ယုံကြည်ချက်အတိုင်း ဆက်လျှောက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ထာဝရ အားပေးနေပါတယ် .. ချမ်းမြေ့ပါစေ
    • လျှံ မုန်း အိမ် လေးစားပါတယ် ဟာဂျူလီ ကသာ ..... ချမ်းမြေ့ပါစေ
    • Tin Htoo with much respect to Saya ဟာဂျူလီ ကသာ.
    • Maung Than Sein ကိုယ်ပိုင်ရပ်တည်ချက်ပဲကောင်းတယ်... ။
    • Win Thaung ကျွန်တော်လိုချင်တာလေးတွေ၊အသိလေးတွေရလိုက်ပါတယ်။လေးစားပါတယ်ခင်ဗျာ။ဘယ်သူဖြစ်ဖြစ်၊ဘယ်ဘာသာဖြစ်ဖြစ်အစွန်းရောက်ရင်မကောင်းပါဘူးဗျာ။
    • ဓါတ် ဆီ လေးစားပါတယ်ဆရာ
    • ဟာဂျူလီ ကသာ Waing Wyut Yee ရေ..အစ်စလမ်မဂ္ဂဇင်းအပါအ၀င် ဘယ်ဘာသာရေးစာစောင်မှာမှ ကာတွန်းဆောင်းပါး မရေးခဲ့ဘူးပါခင်ဗျာ..

No comments: