Monday 17 December 2012

အယ်လ်ဂျာဇီယာ သတင်းဋ္ဌာန က လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့

အယ်လ်ဂျာဇီယာ သတင်းဋ္ဌာန က လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ လုပ်ကြံ သတင်းလွှင့်နေပါတယ်လို့ နိုင်ငံတော်အဆင့် တရားစွဲကြ ဘာညာ၊ဆဲသံ၊ ဆိုသံတွေ ဆူညံနေကြလို့ ယူကျူ့ပေါ်မှာ အဲဒီ သတင်းဗီဒီယိုဖိုင်ကို ရှာပြီး ကြည့်မိလိုက်ပါတယ်။ နှစ်ဖက်လုံးက ပြောထားဆိုထားတာတွေ ကော၊ နှစ်ဖက်လုံးက အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာတွေကို မျှမျှတတ ပြသသွားတာပဲလေ။ တဖက်က နေ နောက်တဖက်ကိုချည်းပဲ တဖက်စောင်းနင်း အကြမ်းဖက်တာတွေကို ချည်းရိုက်ပြသွား
မှသာလျှင် မဟုတ်မမှန် လုပ်ကြံတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

လူများကို လက်ညိုးထိုးဖို့ဆိုရင် ကိုယ့်ဖက်ကအရင် သန့်ရှင်းဖို့လိုပါလိမ့်မယ်။ ပြဿနာ စဖြစ်ကတဲက ရှေ့တန်းထိ သွားရောက်ပြီး သတင်းဓာတ်ပုံများ သွားရောက်ယူခဲ့ကြတဲ့ ပြည်တွင်းမှ မြန်မာမီဒီယာများ နှစ်ဖက်စလုံးကပုံတွေကို မျှမျှတတ ချပြခဲ့ကြပါသလား? ရိုက်ခဲ့သမျှကို အမှန်အတိုင်းချပြခဲ့မယ်၊
ကိုယ့်လိပ်ပြာ ကိုယ်လုံမယ်ဆိုရင်တော့ ဒီလို စကားမျိုးကို ပြောကြားနိုင်ပါတယ်။ ဒီလို ပုံမျိုးတွေကိုယ်ပိုင် ဖေ့ဘုတ်ပေါ်မှာ တင်မိတဲ့ သတင်းထောက် တယောက်တလေ ကိုတောင် ကုလားအားပေး လုပ်နေတာလားလို့ ပြောလိုပြော၊ဒီလို ပုံမျိုးတွေကို ကုလားတွေ သနားစဖွယ် မတင်ပါနဲ့လို့ ဆိုလိုဆိုပြီး ဝိုင်းပြီး ဩဘာပေးကြလို့ ပုံတွေကို ပြန်ပြီး ဖြုတ်ချပေးလိုက်ရတာကို ရိုးရိုးသာမန် ဖေ့ဘုတ်သုံးစွဲသူတယောတ်အနေနဲ့တောင်မြင်သာပါတယ်။

နိုင်ငံတော် သမ္မတရုံးမှ လုပ်ကြံဝါဒဖြန့် စတေးတပ်တွေ တလှိုင်ကြီး တက်လာတုန်းကတော့ ဆဲကြ၊ ရှယ်ကြ တာများ သဲသဲကို လှုပ်လို့။ ဟော ဟိုက ဒီဟာတွေက တချိန်ကြရင် အထောက်အထားတွေဖြစ်လာနိုင်မှန်းသိလို့ ဦးမှူးဇော်ကြီးက အသာလေးပြန်ဖျက်သွားတာတောင် မှ အခုထိ အရှိန်မကုန်သေးပဲ ဒီစကားတွေ တွေ့နေရတုန်း၊

နောက်တခုပြောချင်တာက ရို့ဟင်ဂျာ ဆိုတဲ့စကားလုံးကို မကြိုက်လို့ မသုံးနှုန်းရ၊ နောက်တခါ မသုံးစမ်းပါနဲ့ကွာလို့ အမိန့်ပေးသလိုလို၊ ဝင်ပြောနေသူများအား တခုပြောချင်ပါတယ်။
မကြိုက်သောသူများ မသုံးကြပါနဲ့ခင်မျာ။ သို့သော်လည်း ကြိုက်လို့၊လက်ခံလို့ သုံးနေကြသူများ ကိုရော၊ မသုံးမဖြစ်လို့နာမ်စားတခုအနေဖြင့် သုံးစွဲနေကြသူများကိုတော့ ခင်များတို့ တားမြစ်ပိတ်ပင်လို့မရနိုင်ပါ။ ဒီလို တားမြစ်ပိတ်ပင်ခွင့်လဲ မရှိပါ။ မကျေနပ်ပါက ဒီလို စကားလုံးကို မကြိုက်ကြောင်း ခင်များတို့ သဘောထားကို ဖော်ပြခွင့်သာရှိပါသည်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီစကားလုံးက ခင်များတို့ကိုလာခေါ်နေချင်းမဟုတ်၊ သူတို့ကိုယ်သူတို့ ကျေနပ်စွာ ခံယူပြီး သူတို့ကိုယ်သူတို့ ပြန်ခေါ်နေကြတဲ့စကားလုံးသာဖြစ်လို့ပါပဲ။ ဒီလို တားမြစ် ပိတ်ပင်ကြရမယ်ဆိုရင်ဖြင့် နိုင်ငံပိုင် သတင်းစာကြီး တစောင်ဖြစ်တဲ့ ကြေးမှုံ သတင်းစာကြီးတစောင်ကိုက ၂၇ -၁၁- ၂၀၁၂ နေ့စွဲထုတ် In Pursuit of Peace ဆုကို သမ္မတဦးသိန်းစိန် လက်ခံရရှိကြောင်း International Crisis Group ၏ In Pursuit of Peace award dinner-Peace, prosperity and the presidency ကို ဘာသာပြန်ဆို ဖော်ပြသည့် သတင်းတွင် ထူးထူးခြားခြား ရိုဟင်ဂျာလူမျိုး နာမည် ဖေါ်ပြထားတာ တွေ့ရပါတယ်။ဒီလို သတင်းမျိုးကိုတော့ ကန့်ကွက်ဖို့ ဝေးစွ၊ တုတ်တုတ်တောင် မလှုပ်ရဲကြသေးပါ။

ဒီလိုမျိုး အယူအဆတွေ ဖြစ်လာတာလဲ ဆန်းတော့ မဆန်းဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အပါအဝင် မြန်မာပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ်ရဲ့ တသွေးတသံ တမိန့်အောက်မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် အသားကျ ကြီးပြင်းလာလို့ပါပဲ။

တကယ်တမ်း ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုထိန်းသိမ်းရင်း သူများရဲ့လွတ်လပ်ခွင့်ကို လေးစားလိုက်နာရမဲ့ အခြေခံအကျဆုံး အချက်ကို နားလည် သဘောမပေါက်သေးရင်တော့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တရပ်တည်ဆောက်လို့ ဘယ်လိုမှမရနိုင်ပါ။ဒီလိုပြောလို့ ကျွန်တော်ဆရာကြီးလဲ မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာ နေဆဲဖြစ်ပါတယ်။

ဒီစာကို ကြည့်ပြီး ကျွန်တော့ကို ဘင်္ဂလီ လောဘီ လုပ်နေပြီလို့ လာဝေဖန်မည့်လူများ ပို့စ်အဟောင်းများကိုကြည့်ပြီးမှ ဝေဖန်ကြဖို့ ကြိုတင်တိုက်တွန်းထားပါရစေ။

No comments: