Thursday 20 September 2012

၂၁ ရာစု၏ carcinogen (ကင်ဆာဖြစ်စေသော (ဓာတ်ပစ္စည်း) များ........



ယနေ့ခေတ်တွင် ဆန်းကြယ်လှပ ဒီဇိုင်းဆန်းသစ်သော ခေတ်မှီ အသုံးအဆောင်များ၊ ထူးခြားသော အရသာများဖြင့် ပြည့်စုံသော အစားအစာများ နှင့် အရာမျိုးစုံတို့သည် ထွက်ပေါ်လျက်ရှိသည်။ ထိုအရာများနှင့်အတူ ထူးခြားဆန်ကြယ်စွာ ဖြစ်ပေါ်လာသောအရာများမှာ ရောဂါများပင်ဖြစ်သည်။ ရောဂါများ အနက်မှ အများနှင့်မတူ တစ်မူထူးခြားစွာ ဖြစ်ပေါ်လာသည်မှာ ကင်ဆာရောဂါများ ပင်ဖြစ်သည်။



လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကိုပြန်လည်ကြည့်လိုက်လျှင် မြန်မာနိုင်ငံတွင် အဖြစ်များသောကင်ဆာရောဂါများမှာ ဆယ်ဂဏန်းမျှသာရှိပေသည်။ ထို့အတူ ကင်ဆာရောဂါခံစားနေရသူ လူဦးရေမှာလည်း ရာဂဏန်းမျှသာရှိပေသည်။

ယနေ့ခေတ်တွင် ဆေးပညာရပ်များသည် တစ်ဟုန်ထိုးမြင့်မားလာသည်ကို တွေ့ရသည်။ သို့ရာတွင် ရောဂါကြောင့်သေဆုံးရသောလူဦးရေသည် ထူးခြား၍ မသွားခဲ့ပါချေ။ ကုသ၍ မရသောရောဂါများ နှင့် သေဆုံးသောလူများမှာ ရှိနေဆဲဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်ပါနည်း။

ရောဂါသစ်များ ထပ်မံပေါ်ပေါက်လာခြင်းနှင့်ပတ်သတ်၍ စစ်တမ်းများ မှတ်တမ်းများ ပြုစုထားရှိရာ အဖြေအမျိုးမျိုးကိုတွေ့ရှိနေဆဲဖြစ်ပါသည်။

Carcinogen ဆိုသည်မှာ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများကိုဆိုလိုပါသည်။ ကင်ဆာရောဂါသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လျက်ရှိရာ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများကိုရှောင်ကြည်ခြင်းအား ဖြင့် ကင်ဆာရောဂါ အန္တရာယ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည်ဟု ထင်မြင်ယူဆမိပါသည်။

Carcinogen များတွင် ဓါတ်ရောင်ခြည်နှင့် အစားအစာများပါဝင်ပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဓါတ်မှန်ရိုက်သည့် အဆောက်အဦးတစ်ခုတွင် ထိုဓါတ်မှန်ရိုက်သည့်အခန်း၏ အပေါ်ထပ် ရုံးခန်းမှ လူများအားလုံးနီးပါး ကင်ဆာဖြစ်ကြကြောင်း စစ်တမ်းကောက်ယူရရှိပါသည်။

ယနေ့ခေတ်၏ carcinogen များတွင် နံပါတ် ၁ နေရာယူထားသည်မှာ ဆေးလိပ် ဖြစ်ပါသည်။

ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းအပါအ၀င် ကာဗွန်များ မီးခိုးငွေ့များသည် အသက်ရှူလမ်းကြောင်း နှင့်ဆိုင်သောကင်ဆာများ၊ အဆုတ်နှင့်ဆိုင်သောကင်ဆာများကိုဖြစ်စေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို တတ်စွမ်းသမျှရှောင်ကြည်ကြဖို့လိုပါသည်။

မိမိကဆေးလိပ်မသောက်ဘူး ဘာမှမဆိုင်ပါဘူးဟု ဆိုကာ ပေါ့ဆ၍လည်း မနေပါနှင့်။ ဆေးလိပ်အမှန်တကယ် သောက်သောသူ ထံမှ လေထဲသို့ရောက်ရှိလာသော အငွေ့သည်လည်း ကင်ဆာဖြစ်စေနိုင်ပါသည်။ ထိုသို့ခံရသောသူများ ကို Passive Smoker များဟု အမည်ပေးပါသည်။ အမှန်တကယ်သောက်သုံးသူများထက် passive smoker များက ကင်ဆာဖြစ်နိုင်ချေ တစ်ဆခွဲခန့် ပိုပါသည်။

Carcinogen များအနက် အသုံးများသော ပစ္စည်းတစ်ခုမှာ ဆိုးဆေးနှင့်မှိုစွဲခြင်း ဖြစ်ပါသည်။ အိမ်ရှင်မတိုင်း ဟင်းချက်ကြပြီဆိုလျှင် မပါမဖြစ်ပါသော၊ အရသာရော အရောင်အဆင်းပါ ရရန် ရည်ရွယ်၍ အိမ်တိုင်းလိုလိုပင် ငရုတ်သီးမှုန့် သုံးစွဲကြပါသည်။ အစားအသောက်မှတ်ပုံတင်ပြီးသော ငရုတ်သီးမှုန့်များကို မပြောလိုသော်လည်း ဈေးထဲမှ အလွယ်တကူ နှင့်ဈေးနှုန်းချိုသာသော ငရုတ်သီးမှုန့်များနှင့် ဟင်းခတ်လိုက်လျှင် အဆမတန် ရဲရဲတောက်သွားသော ငရုတ်သီးမှုန့်များ ၏ ဆိုးဆေးအန္တရာယ်ကိုတော့ကြိုတင်သတိပေးလိုပါသည်။

နောက်တစ်ချက် သတိပေးလိုသည်မှာ ငရုတ်သီးမှိုဖြစ်ပါသည်။ ငရုတ်သီးစိမ်းလတ်လတ်ဆတ်ဆတ်တွင် မှိုပါခဲသော်လည်း ခြောက်သွားသော ငရုတ်သီးများသည်မှိုစွဲတတ်ပါသည်။ အချို့အိမ်များတွင် ဆိုးဆေးကြောက်၍ ငရုတ်သီး အပု သို့မဟုတ် အတောင့်ရှည်ကို ၀ယ်ကာ သံပုံးထဲတွင်သိမ်း၍ လိုသောအခါမှ ထုတ်သုံးကြပါသည်။ အသုံးပြုရာတွင်လည်း ငရုတ်သီးကို ရေစိမ် ငရုတ်ဆုံထဲထည့်ထောင်း ပြီးလျှင်ဟင်းထဲထည့်ချက်တတ်ကြသည်။ ထိုအခါ မျက်စိဖြင့်မမြင်ရသော မှိုများပါရှိကာဟင်းထဲသို့ရောက်သွား တတ်ပါသည်။ အချို့မှိုများကြောင့်အစာအဆိပ်သင့်ခြင်းဖြစ်နိုင်သလို အချို့မှိုများကြောင့်ကင်ဆာဖြစ်စေနိုင်ပါသည်။

လူတချို့ကတော့ နေလှမ်းလိုက်လျှင် လှော်လိုက်လျှင် မှိုများပျက်စီးသွားမည်ဟု ထင်ကြပါသည်။ ဤအယူအဆသည် မှန်သင့်သလောက်မှန်ပါသည်။ လုံလောက်သောအပူချိန်ရောက်အောင် မီးအပူပေးလျှင်တော့ ပျက်စီးသွားပါလိမ့်မည်။ သို့သော် ဟင်းချက်သောသူများအသိပင်ဖြစ်ပါသည်။ ထင်းဖိုး မီးသွေးဖိုး ဂတ်စ်ဖိုးကုန်ကျသည်မှတစ်ကြောင်း အချိန်လု၍ ဟင်းချက်ရသည်ကတစ်ကြောင်း ငရုတ်သီးကိုလှော်ရာမှထွက်လာသော စူးရှမွှန်သော အနံ့အသက်များကြောင့်လည်းကောင်း မည်သူမျှလုံလောက်သောအပူချိန်အထိစောင့်လှော်ကြမည်မဟုတ်ပါချေ။

ထိုမှိုများဆိုးဆေးများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်ပါသည်။

ယုတ်ဆွအဆုံး လက်ဖက်ထဲ၌ ပင်လျှင်ဆိုးဆေးထည့်တတ်ပါသေးသည်။

နောက်ထပ် carcinogen တစ်ခုမှာ ယမ်းစိမ်း ဖြစ်ပါသည်။

မည်သူမျှတော့ ယမ်းစိမ်းကို အတောင့်လိုက် မစားကြသော်လည်း အမှတ်မထားမိဖြင့် အစာလမ်းကြောင်းမှ ကိုယ်တွင်းသို့ ၀င်ရောက်သွားသော ယမ်းစိမ်းများမှာ များပြားလှပါသည်။ ယနေ့ခေတ်တွင် နှစ်သက်စွာ စားသုံးနေကြသော ကိုးရီးယားကင်များကို မည်သို့ချက်ပြုတ်သည်ဟု သင်ထင်ပါနည်း…………………..။

ကျော်ချက်သည်/ပြုတ်ပြီးကျော်သည် /ဟော့ပေါ့ထဲထည့်စားသည် ဟုသင်ပြောပါလိမ့်မည်။ ကျွန်တော်ကလည်းပြန်ပြောပါမည်။ စနစ်တကျချက်ပြုတ်သော ဈေးကြီးပေးရသည့်ဆိုင် အချို့မှလွဲ၍ လမ်းဘေးဆိုင် အတော်များများသည် ပူနေသောဆီအိုးထဲသို့ ရောင်းမည့် အသားလုံးများကို အထုတ်ထဲမှ ဖောက်ထည်လိုက်ပါသည်။ ဤသည်မှာ သင်စားသုံး နေသည့် တုတ်ထိုးထားသော ကိုးရီုးယားကင်ခေါ် ကိုးရီးယားအသားလုံးကြော်များဖြစ်ပါသည်။

ဟုတ်ပါပြီ။ ဤသို့ဆိုလျှင် ဆက်ပြောပါမည်။ ကိုးရီးယားကင်များ ကို မည်သည့်အချိန်တွင်စားသုံးမည်ကို မသိသဖြင့် တာရှည်ခံအောင် ပြုလုပ်ရပါသည်။ ထိုအသားလုံးများထဲတွင်ယမ်းစိမ်းပါသွားပါသည်။ အသားလုံးသည် စက်ရုံမှ ထုတ်လိုက်ခြင်းဖြစ်သည်။ အခုချက်ခြင်းသတ်လိုက်သော ကြက်ကိုပင်လျှင်ရေဆေးရသေးသည်။ ထိုအသားလုံးများကို အဘယ်ကြောင့် ရေမဆေးဘဲ ကျော်ချက်ရပါသနည်း။ အချို့ကတော့ ရေဆေးလျှင် အရသာပေါ့သွားသည်ဟုပြောကြသည်။ အင်း စားလိုက်ပေအုံးတော့ ယမ်းစိမ်းတွေကို။ လျှာအလိုလိုက်ရင်တော့ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ကျောက်ကပ်ကင်ဆာနဲ့ အမျိုးမျိုးသောကင်ဆာများကို ခံစားရမည်ဖြစ်သည်။ အစာလဲဆေး ဆေးလဲအစာ မဟုတ်တော့ဘဲ အစာလည်းဘေး ဘေးလည်းအစာ ဟုဆိုရလောက်အောင် ဘေးအန္တရာယ်ဖြစ်စေသောအစာများဖြစ်လာပေလိမ့်မည်။

တာရှည်ခံစေသော ဓာတုပစ္စည်းများနှင့် ၎င်းတို့၏ အန္တရာယ်။ ။ ယနေ့ခေတ်တွင် အစားအစာအတော်များများကို လွယ်ကူစွာစားသုံးနိုင်ရန်နှင့် လိုအပ်သောအချိန်တွင် ရရှိနိုင်ရန်ရည်ရွယ်၍ တာရှည်ခံအောင်ပြုလုပ်ရာတွင် ဓာတုဆေးဝါးအများအပြားကို အသုံးပြုနေကြပါသည်။ readymade ခေါက်ဆွဲထုပ်များ၊ ဘီစကစ်မုန့်များ၊ အချိုရည်များ စသည်ဖြင့် နေ့စဉ်လူတို့စားသုံးနေသော အစားအစာအတော်များများတွင် တာရှည်ခံစေသော ဓါတုဆေးဝါးများကိုသုံးစွဲထားကြောင်းတွေ့ရသည်။ အသီးအနှံများကိုလည်း ရာသီချိန်မဟုတ်ဘဲ စားသုံးစေနိုင်ရန် လှပစေရန်အတွက် ရည်ရွယ်၍ ဓါတုဆေးဝါးများကိုသုံးနေကြကြောင်းတွေ့ရသည်။ ငှက်ပျောသီးကို တစ်ဖီးလုံးတစ်ပြိုင်နက်မှည့်စေရန်အတွက် ဆေးဖြန်းထားကြသည်။ ပန်းသီးကို တောက်ပလှပစေရန်အတွက် ဖယောင်းအုပ်ကြသည်။ ထိုအခါ ပါရှိသော ပုံမှန်မဟုတ်သည့် ထိုဆေးဝါးများက စားသုံးသူတို့၏ ကျန်းမာရေးကို အန္တရာယ်ပေးတော့သည်။ ဈေးဝယ်လျှင်ပင်ပိုးသတ်ဆေးကိုရှောင်ကြရသည်

ယနေ့အခါတွင် Organic food ဟုခေါ်သော အစားအစာများကို SuperMarket ကြီးများတွင် မေးမြန်းဝယ်ယူနိုင်ပါသည်။ တွင်ကျယ်စွာမသုံးစွဲသေးသော်လည်း ကျန်းမာရေးအရ ကိုက်ညီသော Organic foods အကြောင်းကိုတင်ပြလိုပါသည်။ Organic food ဆိုသည်မှာ စတင်စိုက်ပျိုးကတည်းက ဓာတ်မြေသြဇာမသုံးပဲ သဘာဝမြေသြဇာကိုသာ အသုံးပြုသည်။ စိုက်ပျိုးသောမြေသည်လည်း ယခင်က ဓာတ်မြေသြဇာသုံးထားသော မြေမျိုးမဟုတ်ဘဲ မြေလွတ်မြေရိုင်းမျိုးကို အသုံးပြုရသည်။ လေထဲမှ ဓါတုပစ္စည်းများ ရောက်ရှိမလာအောင်လည်း လေကာပင်များစိုက်ရသည်။ နောက်ဆုံး အပင်များကိုပိုးကျပြီဆိုလျှင်ပင် ဓါတုပိုးသတ်ဆေးများမသုံးစွဲဘဲ ငရုတ်သီး နှင့် ကြက်သွန်ဖြူတို့ကို သုံးစွဲ၍ နှိမ်နင်းရသည်။ ထို့ကြောင့် Organic food များသည် အခြားအသီးအနှံ အစားအစာများထက် ပို၍ဈေးကြီးပါသည်။ နောက်အနာဂါတ်တွင် Organic food များသည် လူနေမှုအဆင့်အတန်းနှင့် လူတို့၏ကျန်းမာရေးအပေါ် များစွာအထောက်အကူပြုတော့မည်ဖြစ်ကြောင်း ကို ကျွမ်းကျင်သူများက လေ့လာခန့်မှန်ကြသည်။

နောက်ထပ်တစ်မျိုးမှာ ပလတ်စတစ်အိတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အင်ဖက်၊ ကျွန်းဖက်တို့နှင့် ထုပ်ပိုးရန်အသုံးပြုကြပါသည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ပလတ်စတစ်အိတ်များကို အသုံးပြုကြရပါသည်။ ထိုပလတ်စတစ်အိတ်များသည် နောင်နှစ်ပေါင်း ရာချီတိုင်သည့်တိုင် မပျက်စီးနုင်သော ကမ္ဘာ့မြေထုကိုညစ်ညမ်းစေသည့် ပစ္စည်းများဖြစ်ကြပါသည်။ ထိုပစ္စည်းများသည် လူတို့ကို ကင်ဆာ ဖြစ်စေပါသည်။ မည်သို့ဖြစ်စေပါသနည်း။ ပလတ်စတစ်အိတ်ဖြင့် အစားအစာများကို ထုတ်ပိုး၍ထားပြီးနောက် နေရောင်ခြည်တိုက်ရိုက်ထိတွေ့စေသောအခါ သို့မဟုတ် ပူလွန်းသောအစားအစာများ (လတ်တလော အိုးထဲမှ ဆယ်ယူလိုက်ပြီးထည့်လိုက်သောအစားအစာများ) ကိုထည့်လိုက်သောအခါ ပလတ်စတစ်အိတ်ထဲမှ ကင်ဆာဖြစ်စေသောပစ္စည်းများသည့် အစားအစာအတွင်းသို့ စိမ့်ဝင်သွားပြီးနောက်လူကို အန္တရာယ် ဖြစ်စေပါသည်။ ယခုအခါ နိုင်ငံတော်မှ ပလတ်စတစ်အိတ်အပါးများကို ထပ်မံမထုတ်လုပ်စေတော့ဘဲ တစ်ခါအသုံးပြုပြီးနောက် ပြန်လည်သုံးစွဲရန်လွယ်ကူသော အိတ်အထူများကို ပြောင်းလဲ သုံးစွဲနေခဲ့ပြီ

ဖြစ်ပါသည်။ သို့ပါသော်လည်း အိတ်အပါး အသုံးပြုနေမှုများကို အချို့နေရာများ၌ ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်ပါသည်။ အဘယ်မျှဆိုးရွားပါသနည်းဆိုလျှင် အသင့်စားသုံးနိုင်သော ခေါက်ဆွဲစားသည့်အခါ ထည့်စရာခွက်မရှာတော့ဘဲ ရေနွေးပူပူကျက်ကျက်ကို ခေါက်ဆွဲထုပ်ထဲလောင်းထည့်၍ စားသုံးနေမှုများကိုလည်း မကြာခဏတွေ့မြင်နေရပါသည်။ အမှန်ဆိုလျှင် ခေါက်ဆွဲ၌ ပါရှိနိုင်သော တာရှည်ခံပစ္စည်းများအန္တရာယ်ကို ကာကွယ်သောအားဖြင့် ပထမ စပြုတ်သောရေကို သွန်သင့်ပါသည်။ နောက်ထပ်ရေနွေးထပ်မံထည့်ပြီးမှ သုံးဆောင်သင့်ပါသည်။ ဤသို့မပြုလုပ်မိပါက ကြာလာလျှင် ခန္ဓာကိုယ်အတွင်း၌ ဓာတ်တိုးဖြစ်စဉ်များလွန်ကဲလာပြီး လျှင်မြန်စွာ အိုမင်းရင့်ရော်မှုမြန် လာခြင်း၊ ဆံပင်များကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း တို့ဖြစ်တတ်ပါသည်။

ဤသို့ဆိုလျှင် ၂၁ ရာစုတွင် သုံးစွဲမြဲသုံးစွဲနေသော ကင်ဆာဖြစ်စေသော ဓါတ်ပစ္စည်းများကြောင့် ဆေးပညာတိုးတက်သလောက် လိုက်၍တိုးတက်နေသော ကင်ဆာရောဂါဖြစ်ပွားမှုများအကြောင်းကို သိသင့်သလောက်သိရှိပြီးဖြစ်လိမ့်မည် ဟုထင်ပါသည်။ Prevention is better than Cure ဟုဆိုသကဲ့သို့ လူတိုင်းမဖြစ်ခင်ကပင် ကြိုတင်ကာကွယ်ကြဖို့ နှင့် မသိသေးသော မိဘဆွေမျိုး မိတ်ဆွေများအား လက်တို့ပြောကြားရင်း ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကိုလျှော့ချဖို့ တိုက်တွန်း အသိပေးလိုက်ရပါသည်။

ပျော်ရွှင်ချမ်းမြေ့ သာယာလှပသော ဘ၀များကို မိမိစိတ်ကြိုက်မွမ်းမံနိုင်ကြပါစေဟု ဆန္ဒပြုလျက်…………

လင်းမိုး
nyinyi

No comments: