Wednesday 16 January 2013

ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ


ခန္ဓာကိုယ်၊ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယဟုခေါ်သည့် အင်္ဂါရပ်က သွေး တွင်းရှိ အချိုဓာတ်အား ထိန်းချုပ်သည့် အင်စူလင်ဟော်မုန်းဓာတ်အား ထုတ်ပေး လျက်ရှိရာ အင်စူလင်ထုတ်ပေးမှု မလုံလောက်မှု သို့မဟုတ် ခန္ဓာကိုယ် ကလာပ် စည်းများ၊ အင်စူလင်အသုံးချခြင်းဆိုင်ရာ ချို့ယွင်းမှု တို့ကြောင့် သွေးတွင်း သကြား ဓာတ် လွန်ကဲလာကာ ဆီးချိုရောဂါကို ဖြစ်ပေါ်စေသည်။

ယေဘုယျအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍ ရှိကြရာ အမျိုးအစား(၁)မှာ ကလေးများနှင့် အသက်ငယ်သူများတွင် အဖြစ်များပြီး အင်စူလင်ထုတ်ပေးသည့် ပန်ကရိယရှိ ကလာပ်စည်းများ ပျက်စီးမှုကြောင့်ဖြစ်ကာ အသက်ဆက်လက်ရှင်သန်ရေးအတွက် ပြင်ပမှ အင်စူလင်ကို လိုအပ်ပေသည်။ ဆီးချိုရောဂါအမျိုးအစား(၂)မှာမူ ပန်ကရိယ က အင်စူလင်ထုတ်ပေးပါလျက်နှင့် ခန္ဓာကိုယ်ကလာပ်စည်းများက သုံးစွဲနိုင် စွမ်းကို ခုခံခြင်းကြောင့်ဖြစ်၍ ထိုလူနာများ အတွက် အင်စူလင်ပြင်ပမှ တစ်ခါတစ်ရံသာ လိုအပ်သော်လည်း လက်တွေ့အား ဖြင့် စားဆေးများလိုအပ် ပေသည်။ အထိရောက်ဆုံး ကုသနည်းကတော့ အစား အသောက်ဆင် ခြင်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ အနှံ့ ဆီးချိုရောဂါခံစားနေရသူ သန်းပေါင်း ၃ဝဝ ကျော်ခန့်အနက် ၉ဝ ရာခိုင်နှုန်းမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ကြသည်။

ဆီးချိုရောဂါအမျိုးအစား (၁)ရော အမျိုးအစား(၂)ပါ အန္တရာယ်ကြီးမားသော ရောဂါများဖြစ်ကြသည်။ တတိယအမျိုးအစားမှာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ် တတ်သည့် ဆီးချိုရောဂါဖြစ် သည်။ ယခင်ဆီးချိုရောဂါမရှိခဲ့သည့် ကိုယ်ဝန် ဆောင် များ၏ ၄ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားရပြီး ရောဂါလက္ခဏာပြသမှု နည်းပါးကာ မီးဖွားချိန်၌ ဆီးချိုရောဂါ အလို အလျောက် ပျောက်ကွယ် သွားတတ်သော်လည်း နောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလားအလာ ပိုများကြောင်း လေ့လာတွေ့ရှိရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဆီးချိုဝေဒနာရှင် သန်းပေါင်း ၃ဝဝ ကျော်ခန့်ရှိရာမှ ထိရောက် သည့် ဟန့်တားမှု မပြုလုပ်ပါက ၂ဝ၃ဝ ပြည့်နှစ်တွင် သန်းပေါင်း ၄၅ဝ အထိ တိုးပွား လာနိုင်ကြောင်း သိရှိရသည်။


ကျန်းမာရေးပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

ဆီးချိုရောဂါကာကွယ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့သည် နီးစပ်စွာ ဆက်နွှယ်နေကြသည်။ ကျန်းမာရေးပညာပေးခြင်းသည် ကြိုတင် ကာကွယ် ခြင်း၏ အခြေခံနှင့် မြစ်ဖျားခံရာ ဖြစ်သည်။ သွေးရှိ သကြားဓာတ် မှန်မှန် စစ်ဆေးခြင်း၊ မှတ် တမ်းပြုစုခြင်း၊ ဆီးချိုဆေးများ ပုံမှန်မှီဝဲခြင်း၊ မှန်ကန်သော စားသောက်မှုနည်းလမ်း များ ကျင့်သုံးခြင်း၊ ပုံမှန်ကိုယ်ကာယ လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆီးချို ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး(နှလုံးအတိုက်အခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း၊ အနာရင်းခြင်း၊ သွေးကြောပိတ် ဆို့ခြင်း၊ ခြေပုပ်ခြင်း စသည်များ)ခံစားနေရသူများအား စိတ်ဓာတ်မြှင့်တင်ပေးခြင်း တို့သည် အရေးပါသော အချက်များပင်ဖြစ်သည်။

မျက်မှောက်ကာလတွင် ဆေး ပညာရှင်များက အမျိုးအစား (၁) ဆီးချို ရောဂါကို ထိရောက်စွာ မကာကွယ်နိုင် သေးသော်လည်း စဉ်ဆက် မပြတ်သုတေသနများပြုလုပ်နေဆဲဖြစ်သည်။ အမျိုး အစား(၂)ဆီးချိုရောဂါ အတွက်မူ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် နှင့် ကိုယ်ကာယ လှုပ်ရှားမှုသည် အရေးကြီးဆုံး ကြိုတင် ကာကွယ်မှုများပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါထိန်းချုပ်ရေးအဖွဲ့ကြီးက ရိုးရှင်းလွယ်ကူ ပြီး အဆင့်သုံးဆင့်ပါဝင်သည့် လမ်းပြမြေပုံကို တင်ပြထားရာ ပထမအဆင့်မှာ ရောဂါဖြစ်နိုင်ခြေရှိသူများအား ရှာဖွေ ဖော်ထုတ်ခြင်းပင် ဖြစ်သည်။ questionaire မေးခွန်းလွှာများဖြင့် အမျိုးသား/ အမျိုးသမီး အသက်၊ ကိုယ် အလေးချိန်၊ အရပ်၊ ခါးပတ်လည် အလျား၊ မျိုးရိုးရာဇဝင်၊ နှလုံးသွေးတိုး ရောဂါများဆိုင်ရာ ရာဇဝင်၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ပွားမှု၊ ဆေးလိပ်၊ အရက်သုံးစွဲမှု စသည်များအား ဖြေဆိုစေပြီး စစ်တမ်းကောက်ယူခြင်းဖြင့် အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ ဒုတိယအဆင့်တွင် ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသူဟု ဖော်ထုတ်တွေ့ရှိသူ များအား ပုံမှန်သွေး ဖောက်စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစား အစာစား သုံးစေခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်စေခြင်းတို့ ပါဝင်သည်။

နေ့စဉ် မှန်မှန် မိနစ် ၃ဝ ကိုယ်ကာယလှုပ်ရှားမှု (လမ်းသွက်သွက် လျှောက်ခြင်းဖြင့် ဆီးချို ရောဂါအမျိုးအစား(၂)အား ၃၅ မှ ၄ဝ ရာခိုင်နှုန်း အထိ ကြိုတ င်ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ တတိယ အဆင့်တွင် ဆီးချိုရောဂါ တွေ့ရှိပါက ထိရောက်သော ကုသမှုပေးရန်နှင့် နောက်ဆက်တွဲ ဝေဒနာများ မဖြစ်ပွားရေး ကြိုတင်ကာကွယ်မှု ပေးရန်တို့ ဖြစ်သည်။

မိသားစုဝင်များ သတိပြုရမည့် လက္ခဏာများ

မိမိ မိသားစုဝင်တစ်ဦးဦးတွင် ဆီးမကြာခဏသွားခြင်း၊ အလွန်အမင်းရေငတ် ခြင်း၊ ဆာလောင် မွတ်သိပ်မှု လွန်ကဲခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ မောပန်း လွယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေလက်ထုံကျင်ခြင်း၊ မျက်စိမှုန်ခြင်း၊ အနာမကျက်ခြင်းစသည်များ ဖြစ်ပေါ်ပါက တတ်ကျွမ်းသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံ ပြသရပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ဆီးချိုရောဂါ စုပေါင်းကာကွယ်ကြပါ

* ဆီးချိုရောဂါကြောင့် ကမ္ဘာတွင် ၁ဝ စက္ကန့်လျှင် တစ်ဦးသေဆုံးလျက် ရှိသည်။

* ၁ဝ စက္ကန့်လျှင် နှစ်ဦး ဆီးချိုရောဂါ ဖြစ်ပွားလျက်ရှိသည်။

* ဆီးချိုရောဂါကြောင့် သေဆုံးသူဦးရေသည် HIV/AIDS ကြောင့် သဆုံးသူ ဦးရေနှင့် ညီမျှနေသည်။

* အမျိုးအစား(၁)ဆီးချိုရောဂါသည် နှစ်စဉ် ၃ ရာခိုင်နှုန်းတိုးပွားလျက် ရှိသည်။

* ဆီးချိုရောဂါ အမျိုးအစား(၂)သည် ကလေးများတွင် တစ်နေ့တခြား ပိုမိုဖြစ်ပွားလျက် ရှိသည်။

* ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်နိုင်သည့် အသက် အရွယ်အုပ်စု (၃၅ နှစ်မှ ၆၄ နှစ်အတွင်း) ပိုမိုဖြစ်ပွား လျက်ရှိသည်။ ဆီးချိုရောဂါသည် အသက်အရွယ် မရွေးဖြစ်ပွားသည်။

* ဆီးချိုရောဂါသည် လုံးရောဂါကြောင့် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ မျက်စိ ကွယ်ခြင်း၊ ခြေထောက် ဖြတ်ခံရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့၏ အခြေခံ အကြောင်း တရားတစ်ခုဖြစ်သည်။

* ဆီးချိုရောဂါရှိသူ တိုင်းတွင် အန္တရာယ်ရှိသည်။ ဆီးချိုရောဂါ အပျော့စားဟူ၍ မရှိပါ။

သို့ဖြစ်လေရာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ဆီးချိုရောဂါ ထိန်းချုပ်ရေး ပူးပေါင်း ပါဝင်ဆောင် ရွက်ကြရန် မိသားစုဝင် အားလုံးနှင့် ပြည်သူလူထု တစ်ဦးချင်း၌ တာဝန်ကိုယ်စီ ရှိကြကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဒေါက်တာအောင်စိုး(ခ)အောင်ကျော်မိုး အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီ

ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ယူကြပါ။

No comments: