Monday 3 September 2012

ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင်း ဦး မောင်ဦး ဖယ်ရှားခံရ

ရေးသားသူ © နိရဉ္စရာ

ရခိုင်ပြည်နယ် အသိမ်းခံထားရသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်တွင် ယခင် အနောက်ပိုင်း တိုင်း တိုင်းမှူးလည်းဖြစ်၊ ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သူ ဦးမောင်ဦးအား တာဝန်ခံအဖြစ်ခန့်အပ်ထားရာ ယင်းသို့ခန့်အပ် ရာ မှာ မသင့် တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များ
က ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား ကိုယ်စားလှယ် တစ် ဦးဖြင့်၎င်းနေရာ ကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။

“ အစကတော့ လွှတ်တော်ကနေ တာဝန်ခံ အဖြစ် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးကို တာဝန် ပေး ပါတယ်။ ဦးမောင်ဦးဟာ သူတိုင်းမှူးဘ၀နဲ့ ရခိုင်မှာ တာဝန်ကျစဉ်က လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မရှင်းမလင်း တာလေးတွေ ရှိ တော့ ဗိုလ်ချုပ် ဦးမောင်ဦးကတော့ မသင့်တော် ဘူးလို့ ကျွန်တော်တို့ ညှိနိုင်းတဲ့ အခါ သူနေရာမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလွှင်ကို အစားထိုးပေး ပါတယ်” ဟု အဖွဲ့ဝင် အဖြစ် ပါဝင်သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဘရှင်က ပြောသည်။

ရခိုင်ပြည်နယ် အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခု အတွက် ပြည်သူ့ လွတ်တော်မှ လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်း ရေးကော်မီတီကို ဖွဲ့စည်း ပေးလိုက်ပြီ ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် တစ်ပေါင်းတည်း ဖွဲ့စည်းပေးလိုက်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် ကော်မရှင် အတွက် အဖွဲ့တာဝန်ခံ ဗိုလ်မှူးချုပ် ဝေလွှင်၊ အဖွဲ့ဝင်များ အဖြစ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ချင်းအ မျိုးသား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်ကြသည်။

“ အခုတော့ အစည်းအဝေး တစ်ကြိမ် ထိုင်ပြီးပါပြီ။ လွှတ်တော် အစည်းအဝေး က စက်တင်္ဘာ ပထမ ပတ်လောက်မှာပြီးနိုင်တဲ့အတွက်ဒုတိယပတ်လောက် မှာ စုံစမ်းမူကို စတင်နိုင်ပါတယ်။ ပထမတော့ တိုင်ပင်ညှိနိုင်းရအုံးမယ်ဖြစ်ပါ တယ်။ တိုင်ကြားထားတဲ့ စာတွေကို စစ်ဆေးရပါ မယ်။ ပြီးရင် ရခိုင်ပြည်နယ် အစိုးရနဲ့ ညှိနိုင်းဆွေးနွေးပြီးမှ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ရ မှာ ဖြစ်ပါတယ်” ဟု ဦးဘရှင်က ဆက်ပြော သည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေနှင့် ဥယာဉ်ခြံမြေများကို အများဆုံး သိမ်းပိုက် ထားသည့် အဖွဲ့အစည်းမှာ မြန်မာ စစ်တပ်ပြီး တချို့ ရခိုင် တွင် တာဝန် ထမ်းဆောင်ခဲ့သော တိုင်းမှူးများ အပါအ၀င် တပ်မှူးများသည် တပ်မတော်၏ နာမည်ကို ကိုယ်ကျိုး အတွက် အလွဲသုံးစား လုပ်ပြီး လယ်ယာမြေများ၊ ဥယျာဉ် ခြံမြေများကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

ထိုအထဲတွင် ရခိုင် တိုင်းမှူးဟောင်း တစ်ဦးဖြစ်သူ ပြည်ထဲရေး ၀န်ကြီး ဟောင်း ဦးမောင်ဦးလည်း ပါဝင်သည်ဟု ကျောက်ဖြူမြို့မှ ဦးသန္တာ မောင် မောင်က ပြောသည်။

“ တိုင်းမှူးဟောင်း ဦးမောင်ဦးက ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ဂုံးချိန် ကျေးရွာမှာ ရွာသားတွေ ပိုင်တဲ့ လယ်မြေတွေကို သိမ်းယူပြီး ဇနီး နာမည်နဲ့ ဂရမ်ဖေါက်ပြီး ဒေ၀ူးကိုးရီယား ကုမ္ပဏီကို သိန်းပေါင်း ၄၅၀ နဲ့ ရောင်းစား သွားခဲ့ပါ တယ်။ ကျွန်တော်တို့ ကျောက်ဖြူ တစ်မြို့နယ် တည်း မှာတောင် သုံးလေး နေရာကို သိမ်းယူပြီး လုပ်စားသွားတာရှိပါတယ်။ ဒီလို ပုဂ္ဂိုလ် မျိုးကို မြေယာ သိမ်းယူမူစုံစမ်းစစ်ဆေးရေး ကော် မရှင် အဖွဲ့ခေါင်းဆောင် နေရာ ကနေ ဖယ်ထုတ်လိုက်တာဟာအထူးသင့်တော် ကောင်း မွန်ပါတယ်” ဟု ဦးသန္တာ မောင်မောင် က ပြော သည်။

၎င်းပြင် ကျောက်ဖြူမြို့နယ် မင်းပြင်နှင့် တစ်ခြားနေရာများတွင်လည်း လက်ရှိအချိန်ထိ စစ်တပ်မှအရာရှိဟောင်းများသိမ်းယူထားသော လယ် မြေများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ အခုအချိန်ထိ ဗိုလ်ချုပ် ဦးမောင်ဦးတို့၊ တိုင်းမှူးဟောင်း ၀င်းမြင့်တို့၊ ဒုတိုင်းမှူး သီဟသူရ မောင်နီ၊ ဗိုလ်မှူးစန်းမောင်မောင်တို့ ကျွန်တော် တို့ ကျောက်ဖြူမြို့နယ် မင်းပြင်နဲ့ တစ်ခြားနေရာတို့မှာ သိမ်းထားတဲ့ မြေတွေ အများကြီးရှိပါ တယ်။ အဲဒီမြေတွေက သူတို့နာမည်နဲ့ ရှိတာတော့ မဟုတ် ဘူး။ သူတို့ရဲ့ ဇနီးတွေရဲ့ နာမည်နဲ့ မဟုတ်ရင် ဆွေမျိုးတွေရဲ့ နာမည်တွေနဲ့ ဂရမ်ဖေါက်ပြီး ရှိနေပါတယ်” ဟု မင်းပြား ရွာသား တစ်ဦးကလည်းပြော သည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း အသိမ်းခံရသော လယ်မြေဧက သောင်းချီ ရှိနေပြီး လတ်တလောပြဿနာ ဖြစ်ပွားနေသောနေရာမှာ ဗလိပေါက် ကျေးရွာတွင် ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာတွင် ရွာသားများ ဓါးမဦးချ လုပ်ကိုင်လာ သော လယ်ဧက ၄၄၁ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉) တပ်မမှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့ပြီး ယခုနှစ်တွင် လယ်သမားများက ၎င်းလယ်ယာမြေများကို ၎င်းတို့ သဘော ဖြင့် တက် ရောက် ထွန်ယက် စိုက်ပျိုးရာမှ စစ်တပ်က တရားစွဲဆိုသဖြင့် ရွာသားများနှင့် မြန်မာတပ်မတော် အကြားတွင် တရား ဖြစ်နေ ကြောင်း သိရ သည်။

အလားတူ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ အမ်း စသည့် မြို့နယ် များတွင် လည်း စစ်တပ်က လယ်မြေ အမြောက်အများကို သိမ်းယူထားကြောင်း သိရသည်။

No comments: