Saturday 1 December 2012

ဦးသိန်းစိန်နဲ့ဦးအောင်မင်း မရှိရင် တိုင်းပြည်ပျက်မည်ဖြစ်ကြောင်း တဘောင်များ ထွက်ပေါ်



ယမန်နေ့(၂၈-နိုဝင်ဘာ-၂၀၁၂) က မင်းဘူး နယ် ဘက်တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့ပါသည် ။ ကလေးများနှင့် အရူး၂ယောက် တို့မှ သံပြိုင်သီဆိုနေကြသည့်အတွက် မိဘများကပင် ကလေးများကို ယခင်ကလို ဆော့ကစားခိုင်းခြင်းမရှိပဲ ချက်ချင်း အိမ်တွင်းသို့ အသီးသီးခေါ်ဆောင်သွားခဲ့ကြကြောင်းကို ပုသိမ်-မုံရွှာလမ်းတကြော တွင် ကုန်ကားမောင်းသက် အနှစ် ၂၀ ကျော်ပြီ
ဖြစ်သော ကားသမားကြီးတစ်ဦးမှ ကြံခင်းမြို့အဝင် တွင် ကားများ ခေတ္တရပ်နားရာဆိုင်တန်း၌ ပြောကြားခဲ့ပါသည် ။

အဆိုပါ တဘောင်မှာ

" သိန်းငှက်မင်းကြီး ခေါင်းပြောင်ပြောင်
အပင်အောက်က ခွေးတွေဟောင်
ရထားကြီးစီးလို့ အသိုက်ကထွက်
ငါတို့ ပြည်ထောင်ပျက် "

ဟူ၍ ဖြစ်ပါသည် ။တဘောင်၏ ဆိုလိုရင်းမှာ သိန်းငှက်မင်းကြီး ခေါင်းပြောင်ပြောင် ဆိုသည်မှာ ဦးသိန်းစိန်ကို ဆိုလိုရင်းဖြစ်ပြီး ခွေးတွေဟောင်ခြင်းခံရသလို ဝေဖန်တိုက်ခိုက်ခံနေရသည်ဟူ ယူဆနိုင်ပါသည် ။ ရထားကြီးစီးလို့ ဆိုသည်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းကို ဆိုချင်ဟန်ဖြစ်ပြီး အသိုက်ကထွက်ဆိုသည်မှာ နှူတ်ထွက်သည်ဟု ယူဆနိုင်ပါသည်။



ထိုတဘောင်ထွက်ပေါ်လာပြီး မကြာခင်မှာပင် လက်ပံတောင်းတောင် ကိစ္စရပ်ဖြစ်ပွါးခဲ့ပြီး
ဦးအောင်မင်းနှင့်ဦးသိန်းစိန်အား နှုတ်ထွက်ခိုင်းမည်ဟူသော နိုင်ငံရေးသမားများ၏အသံများ ကြားလာရပါသည် ။အကယ်၍သာ ၄င်းတို့နှစ်ဦး အစိုးရအဖွဲ့မှ ထွက်ခွါသွားလျှင် တိုင်းပြည်ကြီး ထိန်းမရ သိမ်းမရ ဖြစ်ကာ ပြည်ပျက်မည့် အရေးကိစ္စကြီးဖြစ်ပွါးလာမည် ဟု ထိုတဘောင်က ရည်ညွန်းနေပါသည် ။

မြန်မာနိုင်ငံတွင် ဤကဲ့သို့ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ချိန်တွင် တဘောင်များ မကြာခဏ ပေါ်ထွက်လာလေ့ရှိသော နိုင်ငံဖြစ်ပါသည် ။ ထိုတဘောင်အရ ဆိုလျှင် ကလေးများ ဆော့ကစားရင်း ထွက်လာသော အသံများသော်လည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့်လည်း အံသြဖွယ် တိုက်ဆိုင်နေပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့)

No comments: