Friday 10 August 2012

မတရား ၁၇/၁ ဥပဒေ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူတင်ပြမည်

Jade Land

မတရား ၁၇/၁ ဥပဒေ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူတင်ပြမည်

Post 09 August 2012 Kachin News Group

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ တိုက်ပွဲဖြစ်ပွားနေစဉ် မတရားအသင်းနှင့် ဆက်သွယ်နေသည့်အမှု ပုဒ်မ ၁၇/၁ နှင့် အရေးယူခြင်းအား ပယ်ချရန် လွှတ်တော်သို့ ဆွေးနွေးတင်ပြမည်ဟု အင်ဂျန်းယန် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ရှေ့နေဒေါ်ဒွဲဘူ (Tara Kasa Daw Doi Bu) ပြောသည်။

အစိုးရသည် မတရားအသင်းဆက်သွယ်သူဟု ထင်မှတ်သူများအား ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးနေခြင်းသည် ကချင်လူထုများအား ဒုက္ခအခက်ခဲ အမျိုးမျိုးဖြစ်စေသော ဥပဒေဖြစ်ကြောင်းတင်ပြ ဆွေးနွေးမည်ဟု ဒေါ်ဒွဲဘူ (Daw Doi Bu) ပြောသည်။

“၁၇/၁ ရှိလို့ တစ်သက်လုံး ဒုက္ခပေးခဲ့တယ်။ ခုလဲ အဲဒါရှိလို့ ဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာ... အဲဒီ ၁၇/၁ လုပ်ထားတာက ကြည်ရင် ကြည်သလို မကြည်ရင် မကြည်သလို .. အရင်က အပစ်အခတ်ရပ်ပြီး ဖျက်လိုက်ပြီ။ ခုပြန်ကြေညာ တာလဲ မဟုတ်ပဲနဲ့ သမ္မတရဲ့တစ်စုံတစ်ရာ ကြေညာခြင်းမရှိပဲနဲ့ ပြန်ပြီး လုပ်နေတာ (၁) နှစ်ကျော်ပြီ။ မတရားမှုတွေ အများကြီးရှိနေပြီ.. အခုဒါတွေအားလုံးကို ဆွမယ်။”

ပြည်သူများထဲမှ မတရားစွပ်စွဲခံရသည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင် အသေးစိတ်တင်ပြသွားမည်ဟု ဆက်ပြောသည်။

“ဘရန်ရှောင် (Lahtaw Brang Shawng) ရဲ့ကိစ္စမှာဆို ဗိုက်မှာ ပလာစတာနဲ့ ကပ်ပေးလိုက်တာတို့ ဘာတို့ ဒါတွေက တကယ့် မတရားမှုတွေ ဥပဒေနဲ့ လုံးဝ မညီညွတ်မှုတွေ ၁၇/၁ အပေါ် အောက်ခြေက ဆောင်ရွက်မှုတွေက လုံးဝ မတရားဘူး။ ခုက လွှတ်တော်ရှိတယ်။ လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ် အခွင့်ရှိပြီ။ ဥပဒေဆိုတာ မည်သူမဆိုကောင်းဖို့ လုပ်ထားတာ ပြည်သူတွေအတွက် ကောင်းဖို့အတွက်လုပ်တာ ဒါမယ့် ဒီပုဒ်မကိုကိုင်တဲ့ သူတွေက ဒီပုဒ်မကို အကြောင်းပြပြီး မတရားလုပ်နေတာကို အဓိကတင်ပြသွားမှာ ဖြစ်တယ်”

အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲစတင်ဖြစ်ပွားသည့် ယမန်နှစ် ဇွန်လမှစ၍ ကချင်ပြည်နယ်အတွင်း KIO နှင့်ဆက်သွယ်သူဟု မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှုသည် ပြီးခဲ့သည့်ဇွန်လထိ အမှု ၂၉ မှုနှင့် စွဲချက်မတင်သေးသော အမှု ၂၉ ရှိပြီး အတိအကျသတင်းမရသော ဖမ်းဆီးထားသူများလည်း ရှိနေကြောင်း ပြောသည်။

၎င်း ကိစ္စနှင့်ပတ်သက်၍ မကြာမီလွှတ်တော်သို့ တင်သွင်းနိုင်ရန် အချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်း ဒေါ်ဒွဲဘူ (Daw Doi Bu) ပြောသည်။

လွန်ခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့တွင် အတည်ပြုလိုက်သည့် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် (Tangbau Hkun Myat) တင်သွင်းခဲ့သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကိုလည်း ဒေါ်ဒွဲဘူ (Daw Doi Bu) ပထမဦးဆုံး ထောက်ခံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ဒီအခွင့်အရေး မရခဲ့လို့ဘဲ ကျမတို့မှာ တိုက်နေရတယ်လေ.. ဒီတိုင်းရင်းသား အခွင့်အရေးမရ လို့ပဲ…ကျမတို့မှာ တစ်သက်လုံးတိုက်နေရတဲ့အခါကျတော့ ကျရှုံးမှုတွေ အများကြီးရှိနေပြီ အဲ့ကြောင့်ကျမပြောတယ် ရမဲ့ အခွင့်အရေးနဲ့တောင် မတန်တော့လောက်အောင် ကျမတို့မှာခံစားခဲ့ရပြီလို့ ..အဲဒါကြောင့် ဒါကို မဖြစ်မနေပြဋ္ဌာန်းရမယ်။ ခုက ကိုယ်ပိုင်ပြဌာန်းခွင့်ကို မပေးဘူးလားဆိုရင်ပေးတယ်၊ ပေးသလားဆိုရင် မရဘူး ‘ပေးသာပေး၏မရ’ ဆိုတာမျိုးဖြစ်နေတယ်”

ထို့ကြောင့် တိုင်းရင်းသားများလိုအပ်သည့်အခွင့်အရေးများကို ရှေးဦးစွာဆောင်ရွက်သွား၍ အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့် မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မ ၁၇/၁ အမှု နှင့် အရေးယူခြင်းနေသည့် ဥပဒေကိုလည်း ပယ်ချရန် မကြာခင်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်သူ ကချင်ပြည်နယ် အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ရှေ့နေဒေါ်ဒွဲဘူ (Tara Kasa Daw Doi Bu) ပြောသည်။

No comments: